MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၈) ဒုတိယနေ့တွင် သုံးပွဲစလုံး သရေရလဒ်ဖြင့် ပြီးဆုံး

ရန်ကုန်  ၂၈  ဇူလိုင်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၈) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ သုံးပွဲစလုံး သရေရလဒ်များဖြင့် ပြီးဆုံးခဲ့သည်။


သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဒဂုံအသင်းနှင့် ဟံသာဝတီအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ တန်းဆင်းဇုန်အတွင်း ကျရောက်နေသည့် ဒဂုံအသင်း၏ ရုန်းကန်မှုကို တွေ့မြင်ခဲ့ရပြီး နိုင်ပွဲမရခဲ့သော်လည်း အဖိုးတန်သရေတစ်မှတ်ရယူနိုင်ခဲ့သည်။ ဒုတိယအကျော့တွင် ပုံစံကောင်းရရန် ရုန်းကန်နေရသည့် ဟံသာဝတီအသင်းသည် ယခုပွဲတွင်လည်း အမှတ်ရရန် ရုန်းကန်ခဲ့ရပြီး ထက်လင်းလင်း၏ ချေပဂိုးကြောင့်သာ သရေတစ်မှတ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။


နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပထမပိုင်းတွင် ဒဂုံအသင်း၏ ထိုးဖောက်မှုများက ပိုမိုထိရောက်ခဲ့သည်။ ဟံသာဝတီအသင်းသည် ပိုဖိကစားနိုင်သော်လည်း တိုက်စစ်ကစားပုံမကောင်းသည့်အပြင် ကစားသမားအများစုမှာ မကြာခဏ လူကျွံဘောဖြစ်နေသောကြောင့် တိုက်စစ်ဆင်မှုများမှာ အချည်းနှီးဖြစ်ခဲ့သည်။ ၁၂ မိနစ်တွင် ဒဂုံအသင်း ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ပက်ထရစ်က ထောင့်ကန်ဘောကို ခေါင်းတိုက်သွင်းခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင်လည်း ဒဂုံအသင်းက ဂိုးထပ်ရနိုင်သည့် အခွင့်အရေးအချို့ ထပ်ရခဲ့ပြီး အသုံးမချနိုင်၍ နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် ဟံသာဝတီအသင်းက ကစားသမားများအပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြင့်ခဲ့သည်။ ဟံသာဝတီအသင်းသည် ၇၆ မိနစ်တွင် ထက်လင်းလင်း သွင်းယူသည့်ပြစ်ဒဏ်ဘောဂိုးဖြင့် ချေပဂိုးပြန်ရခဲ့သော်လည်း တိုက်စစ်ကစားပုံမှာ အားနည်းချက်များရှိခဲ့ပြီး သရေတစ်မှတ်အတွက် ရုန်းကန်ခဲ့ရသည်။


မုံရွာကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းနှင့် ရန်ကုန်အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ ရန်ကုန်အသင်းသည် ဒုတိယနေရာမှ ရှမ်းယူနိုက်တက်အသင်း၏ သရေကျမှုကို အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ သုံးမှတ်အသာဖြင့်သာ ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ စစ်ကိုင်းအသင်းမှာမူ ရှုံးပွဲဆက်နေမှုကို အိမ်ကွင်း၌ ရပ်တန့်နိုင်ခဲ့ခြင်းဖြစ်သည်။ မန္တလာသီရိကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းနှင့် ရခိုင်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ အဓိကတိုက်စစ်မှူးများမပါဝင်သည့် ရတနာပုံအသင်းသည် ရုန်းကန်ခဲ့ရပြီး သရေတစ်မှတ်ရရန် ခက်ခက်ခဲခဲကစားခဲ့ရသည်။ အသင်းကြီးများနှင့် တွေ့ဆုံရာတွင် မထင်မှတ်သည့်စွမ်းဆောင်ရည်များ ပြသလေ့ရှိသည့် ရခိုင်အသင်းသည် ယခုပွဲတွင်လည်း ရတနာပုံအသင်းထံမှ အမှတ်ရယူနိုင်ခဲ့သည်။ ၇၁ မိနစ်တွင် ရတနာပုံနောက်ခံလူ ဇော်ရဲထွန်း ကိုယ့်ဂိုးကိုယ်မိခဲ့သောကြောင့် ရခိုင်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး ရတနာပုံအတွက် ချေပဂိုးကို ၉၀+၁ မိနစ်တွင် လှိုင်းဘိုဘိုက သွင်းယူခဲ့သည်။


ပွဲစဉ် (၁၈) အပြီးတွင် ရန်ကုန်အသင်းက ၃၇ မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့က ၃၄ မှတ်စီ၊ ဟံသာဝတီအသင်းက ၂၉ မှတ်၊ ရခိုင်အသင်းက ၂၇ မှတ်၊ ရတနာပုံအသင်းက ၂၆ မှတ်၊ စစ်ကိုင်းအသင်းက ၂၄ မှတ်၊ မကွေးအသင်းက ၂၁ မှတ်၊ ဇွဲကပင်အသင်းက ၁၈ မှတ်၊ Southern အသင်းက ၁၆ မှတ်၊ ဒဂုံအသင်းက ၁၄ မှတ်၊ Chinland အသင်းက ၁၂ မှတ်ရရှိထားသည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-ဖိုးသော်ဇင်