MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၉) ဆက်လက်ကျင်းပမည်

၁ သြဂုတ်

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၉) ကို ယခုတစ်ပတ် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ချန်ပီယံလမ်းကြောင်းပေါ်မှ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်းတို့ အိမ်ကွင်းပွဲကျပ်များ ကစားရမည်ဖြစ်သည်။

ပွဲစဉ် (၁၉) အဖြစ် သြဂုတ် ၃ ရက်တွင် သုဝဏ္ဏကွင်း၌ ဒဂုံအသင်းနှင့် ရခိုင်အသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် မကွေးအသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် စစ်ကိုင်းအသင်း၊ သြဂုတ် ၄ ရက်တွင် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ဇွဲကပင်အသင်း၊ သုဝဏ္ဏကွင်း၌ Chinland အသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၁၈) အပြီးတွင် ရန်ကုန်အသင်းက ၃၇ မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့က ၃၄ မှတ်စီ၊ ဟံသာဝတီအသင်းက ၂၉ မှတ်၊ ရခိုင်အသင်းက ၂၇ မှတ်၊ ရတနာပုံအသင်းက ၂၆ မှတ်၊ စစ်ကိုင်းအသင်းက ၂၄ မှတ်၊ မကွေးအသင်းက ၂၁ မှတ်၊ ဇွဲကပင်အသင်းက ၁၈ မှတ်၊ Southern အသင်းက ၁၆ မှတ်၊ ဒဂုံအသင်းက ၁၄ မှတ်၊ Chinland အသင်းက ၁၂ မှတ်ရရှိထားသည်။ လက်ရှိအနေအထားအရ ပြိုင်ပွဲပြီးဆုံးရန် လေးပွဲသာလိုတော့ပြီး ချန်ပီယံဆုအတွက် သုံးသင်း၊ တန်းဆင်းနှစ်နေရာအတွက် လေးသင်းအပြိုင်ဖြစ်နေသည်။ ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိနေသည့် အသင်းများအနက် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့မှာ ပွဲကျပ်ကစားရမည်ဖြစ်ပြီး ယခုတစ်ပတ်တွင် နိုင်ပွဲထပ်မံရယူနိုင်မှသာ ထိပ်ဆုံးမှ ရန်ကုန်အသင်းကို ဆက်လက်ဖိအားပေးနိုင်မည်ဖြစ်သည်။ ရန်ကုန်အသင်းသည် ဇယားအောက်ဆုံးရောက်နေသည့် Chinland အသင်းနှင့် တွေ့ဆုံနေပြီး ကစားသမားအင်အား ကွာခြားမှုကြောင့် နိုင်ပွဲဆက်ဖွယ်ရှိနေသည်။ ဧရာဝတီအသင်းသည် ယခုနောက်ပိုင်းပွဲများတွင် ရလဒ်ကောင်းနေသော မကွေးနှင့် တွေ့ဆုံနေသောကြောင့် အမှတ်ပြည့်ရရန် ရုန်းကန်ရဖွယ်ရှိနေပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ ခြေစွမ်းနှင့် ရလဒ်မတည်ငြိမ်သေးသောကြောင့် နိုင်ပွဲပြန်ရရန် အားကုန်ထုတ်ရဖွယ်ရှိနေသည်။

ထို့ပြင် တန်းဆင်းဇုန်အတွက် အရေးပါသည့် ဒဂုံနှင့် ရခိုင်၊ Southern နှင့် ဇွဲကပင်အသင်းတို့ပွဲများမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်ဖွယ်ရှိနေသည်။ သြဂုတ်တွင် ပွဲစဉ်သုံးခု ကျင်းပမည်ဖြစ်ပြီး ချန်ပီယံဆုနှင့် တန်းဆင်းနေရာများအတွက် အဖြေတစ်ခုထွက်ပေါ်လာနိုင်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်