MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) တွင် ရတနာပုံနှင့် ရန်ကုန် တွေ့ဆုံ

၂၄  ဇန်နဝါရီ 


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) ကို ဇန်နဝါရီ ၂၆၊ ၂၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အသင်းကြီးနှစ်သင်းဖြစ်သည့် ရတနာပုံနှင့် ရန်ကုန်အသင်းတို့ ထိပ်တိုက် တွေ့ဆုံလျက်ရှိသည်။

 

ပွဲစဉ် (၃) အဖြစ် ဇန်နဝါရီ ၂၆ ရက်တွင် သုဝဏ္ဏကွင်း၌ ဒဂုံအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် Southern အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ဇွဲကပင်အသင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ဗထူးကွင်း၌ ရတနာပုံအသင်းနှင့် ရန်ကုန်အသင်း၊ Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် မကွေးအသင်း၊ သုဝဏ္ဏကွင်း၌ Chinalnd အသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယခုတစ်ပတ်၏ စိတ်အဝင်စားဆုံး ဖြစ်နိုင်သည့်ပွဲမှာ ရတနာပုံနှင့် ရန်ကုန်အသင်းတို့ တွေ့ဆုံသည့်ပွဲဖြစ်ပြီး အနိုင်သုံးမှတ်အပြင် ဂုဏ်သိက္ခာအတွက်ပါ ယှဉ်ပြိုင်မည့်ပွဲလည်းဖြစ်သည်။ 

 

ရန်ကုန်အသင်းသည် နှစ်ပွဲကစား အနိုင်ရထားသော်လည်း အိမ်ကွင်း၌ ကစားထားရခြင်းဖြစ်ပြီး ရတနာပုံနှင့်ပွဲမှာ ယခုရာသီ၏ ပထမဆုံး အဝေးကွင်းပွဲလည်းဖြစ်သည်။ ရတနာပုံအသင်းသည် ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသောကြောင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်ရန် ပိုမိုအားထုတ်ရဖွယ် ရှိိသော်လည်း အသင်းကြီးများနှင့် တွေ့ဆုံသည့်ပွဲများတွင်မူ အားကုန်ထုတ် ကစားလျက်ရှိသည်။ ထို့ပြင် နှစ်ပွဲဆက်သရေ ကျထားသည့် ရှမ်းယူနိုက်တက်အသင်းသည် တန်းတက်ဒဂုံအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပထမဆုံးနိုင်ပွဲအတွက် ဆက်လက်ရုန်းကန်ရမည် ဖြစ်သည်။

 

ပွဲစဉ် (၂) အပြီးတွင် ရန်ကုန်အသင်းက ခြောက်မှတ်၊ ရခိုင်နှင့် ဧရာဝတီအသင်းက လေးမှတ်စီ၊ Southern၊ ဇွဲကပင်၊ ဟံသာဝတီနှင့် ဒဂုံအသင်းက သုံးမှတ်စီ၊ ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းက နှစ်မှတ်စီ၊ စစ်ကိုင်းနှင့် မကွေးအသင်းက တစ်မှတ်စီ၊ရထားပြီး Chinland အသင်းမှာမူ နှစ်ပွဲစလုံး အရေးနိမ့်ထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်