MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း လာမည့်ရာသီ အာရှအဆင့်ကလပ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ရရှိ

၁၆ စက်တင်ဘာ

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၀ ရာသီတွင် အာရှအဆင့်ကလပ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

 

ေ

 

အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ MNL အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းမှာ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲအဆင့်မှ စတင်ကစားခွင့်ရမည်ဖြစ်ပြီးခြေစစ်ပွဲအောင်ပါက အာရှချန်ပီယံလိဂ် နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သလို ခြေစစ်ပွဲမအောင်ပါက AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲတွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ၂၀၁၈ ရာသီက ပထမအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် အာရှဒေသတွင်း၌ ဒုတိယအဆင့်မြင့်ဆုံး ကလပ်ပြိုင်ပွဲဖြစ်သည့် AFC Cup ပြိုင်ပွဲတွင် ၂၀၁၈၊ ၂၀၁၉ ရာသီတွင် နှစ်ရာသီဆက်တိုက်ယှဉ်ပြိုင်ခွင့်ရသော်လည်း အုပ်စုအဆင့် ကျော်လွန်နိုင်ခြင်းမရှိသောကြောင့် လာမည့်ရာသီတွင် အောင်မြင်မှုရရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ ''ဒီရာသီ (၂၀၁၉ ရာသီ) မှာ ပြည်တွင်းပြိုင်ပွဲတွေကို အာရုံစိုက်ယှဉ်ပြိုင်မယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ပြောခဲ့တဲ့အတိုင်း ပြည်တွင်းပြိုင်ပွဲတွေမှာ အောင်မြင်မှုရယူနိုင်ခဲ့ပါတယ်။ ရာသီကြို ချာရတီဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သလို အမှတ်ပေးပြိုင်ပွဲမှာလည်း ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်ခဲ့သည်။

MNL အမှတ်ပေးပြိုင်ပွဲသမိုင်းမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုရတာ ကျွန်တော်တို့တစ်သင်းပဲ ရှိပါသေးတယ်။ အခုလို အောင်မြင်မှုရအောင် ကြိုးစားကစားပေးခဲ့တဲ့ ကစားသမားတွေရော နည်းပြအဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ပါတယ်။ လာမယ့်ရာသီမှာ ပြည်ပပြိုင်ပွဲတွေမှာ ခြေစွမ်းအဆင့်မီပြီး အောင်မြင်မှုတွေရယူနိုင်အောင် ပြင်ဆင်သွားမှာပါ။ လာမယ့် ရှုံးထွက်ဗိုလ်လုပွဲမှာလည်း အောင်မြင်မှုရအောင် ကြိုးစားသွားမှာပါ''ဟု ရှမ်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေက ပြောကြားခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် ၂၀၁၉ ရာသီကြိုချာရတီဖလားပြိုင်ပွဲနှင့် MNL အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲထားပြီး စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပမည့်ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲကိုလည်း တက်ရောက်ထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးပြိုင်ပွဲတွင် တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ချန်ပီယံဆုရခဲ့ခြင်းဖြစ်ပြီးMNL ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံး ရှုံးပွဲမရှိဘဲ ချန်ပီယံဆုရသည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် လာမည့်ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းများကို ယခုနှစ်ကုန်ပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ပြီး အကြိုခြေစစ်ပွဲများကို ဇန်နဝါရီတွင် စတင်ကျင်းပမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများအနေဖြင့် အာရှအဆင့်ကလပ်ပြိုင်ပွဲတွင် နှစ်သင်း ယှဉ်ပြိုင်ခွင့်ရထားပြီး အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲနှင့် AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်၊ရှုံးထွက်ချန်ပီယံအသင်းမှာ AFC Cup ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရထားသည်။ ထို့ကြောင့် ကျန်တစ်နေရာအတွက် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်း ယှဉ်ပြိုင်ရမည့် ရှုံးထွက်ဗိုလ်လုပွဲပြီးမှ ထွက်ပေါ်မည်ဖြစ်သည်။ အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသာ ထပ်မံဗိုလ်စွဲပါက အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယရသည့် ဧရာဝတီအသင်းက AFC Cup ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီးရန်ကုန်အသင်းသာ ဗိုလ်စွဲပါက ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်