MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

၁၆ စက်တင်ဘာ

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို စက်တင်ဘာ ၁၅ ရက် ညပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းယူနိုက်တက်အသင်း အောင်မြင်မှုရအောင် အဓိကနေရာမှ စွမ်းဆောင်ပေးသူများနှင့် ပံ့ပိုးကူညီသူများကို ဆုများချီးမြင့်ခဲ့ပြီး အထူးဂုဏ်ပြုဆုအဖြစ် တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြချုပ် ဦးအောင်နိုင်၊ တစ်ရာသီလုံးအကောင်းဆုံး ကစားသမားဆုအဖြစ် နန္ဒကျော်၊ အသင်းအောင်မြင်မှုရအောင် ဦးဆောင်ကစားနိုင်သူဆုအဖြစ် ဒေးဗစ်ဒန်း၊ အတိုးတက်ဆုံးကစားသမားဆုအဖြစ် ရဲမင်းသူတို့က ရရှိခဲ့ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရှမ်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေတို့က ပေးအပ်ချီးမြင့်သည်။ 

 

a

 

ယင်းနောက် တောင်ကြီးမြို့ရှိ ပြည်နယ်ဘောလုံးကွင်းအား အသုံးပြုခွင့်ရရန် ပံ့ပိုးကူညီပေးခဲ့သည့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ပရိသတ်များစိတ်ဝင်စားလာစေရန် စည်းရုံးလှုံ့ဆော်ပြီး အိမ်ကွင်းပွဲတိုင်း အကောင်းဆုံးကစားသမားဆု ရွေးချယ်ချီးမြင့်နေသည့် ရှမ်းယူနိုက်တက်အသင်း Fan Club အဖွဲ့တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အမှုဆောင် ဦးမိုးဆန်းအောင်တို့က ပေးအပ်ချီးမြင့်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဆွတ်ခူးရရှိခဲ့ပြီး ညပိုင်းတွင် နာမည်ကြီးတေးသံရှင်များ၏သီဆိုဖျော်ဖြေမှုများနှင့်အတူ ဂုဏ်ပြုပွဲကို ခမ်းနားစွာကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-စိုးညွန့်