ရန်ကုန်   ဖေဖော်ဝါရီ   ၁၉

၂၀၂၅-၂၀၂၆    ရာသီ    MNL အမှတ်ပေးပြိုင်ပွဲ  ပွဲစဉ်    ၁၈ ဒုတိယနေ့ကို ဖေဖော်ဝါရီ ၁၉ ရက်က   ဆက်လက်ကျင်းပရာ    ဒဂုံစတားယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်အသင်းတို့    အမှတ်ပြည့် ရယူခဲ့သည်။

သုဝဏ္ဏကွင်း၌  ကျင်းပသည့်ပွဲတွင် ဧရာဝတီယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းသည် တစ်နေ့တည်း ယှဉ်ပြိုင်ကစားသောပွဲ၌ ရတနာပုံအသင်း  ရှုံးပွဲကြုံတွေ့မှုကို  အခွင့်ကောင်းယူကာ နိုင်ပွဲရယူပြီး အဆင့် ၇ နေရာ တက်လှမ်းနိုင်ခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းသည် ယခုပွဲအရေးနိမ့်ခဲ့သဖြင့် တန်းဆင်းဇုန်အန္တရာယ်မှလွတ်ရန် လာမည့်ပွဲများတွင် ဆက်လက်ရုန်းကန်ရမည်ဖြစ်သည်။

နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်လာပြီး ပထမပိုင်းတွင် ကစားပုံပိုကောင်း သည့် ဧရာဝတီယူနိုက်တက်အသင်းက ပိုဖိကစားနိုင်သလို ဦးဆောင်ဂိုးများလည်း သွင်းယူနိုင်ခဲ့သည်။ တိုက်စစ်မှူး တည်ငြိမ်မင်း က ၂၃၊ ၄၁ မိနစ်တွင် နှစ်ဂိုးသွင်းယူခဲ့သဖြင့် ပထမပိုင်းအပြီးတွင် ဧရာဝတီယူနိုက်တက်အသင်းက နှစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် ရခိုင်ယူနိုက်တက်အသင်း ချေပဂိုးရရန် ကြိုးပမ်းလာသော် လည်း ၆၁ မိနစ်တွင် ခင်ကျော်ဝင်း သွင်းယူသည့် ပြစ်ဒဏ်ဘော ချေပဂိုးတစ်ဂိုးသာ ပြန်ရခဲ့သဖြင့်  ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင်  ဒဂုံစတားယူနိုက်တက်အသင်းက  ရတနာပုံအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒဂုံစတားယူနိုက်တက်အသင်းသည်  ယခုပွဲအနိုင်ရသဖြင့် အဆင့် (၃) နေရာအတွက် အခြေအနေ‌ကောင်းသွားပြီး   ရှုံးပွဲကြုံတွေ့ခဲ့သည့် ရတနာပုံအသင်းမှာမူ အဆင့် (၈) နေရာအထိ ဆင်းပေးခဲ့ရသည်။ ဒဂုံစတားယူနိုက်တက် အသင်းအတွက် ဂိုးများကို  ၅၆ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ရန်ကျော်ထွေး၊ ၉၀+၁ မိနစ်တွင်  အောင်သီဟတို့က သွင်းယူပြီး ရတနာပုံအသင်းအတွက် ချေပဂိုးတစ်ဂိုးကို  ၉၀+၅ မိနစ်တွင် ဖြိုးခန့်ငြိမ်းက သွင်းယူခဲ့သည်။

ပွဲစဉ် (၁၈) နောက်ဆုံးနေ့ကို ဖေဖော်ဝါရီ ၂၀ ရက်တွင်  ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်နှင့်  ရှမ်းယူနိုက်တက်၊ သုဝဏ္ဏကွင်း၌   သစ္စာအားမာန်အသင်းနှင့် Dagon Port အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MNL