MNL ပြိုင်ပွဲတွင် ဟံသာဝတီအသင်း ငါးပွဲဆက်အနိုင်ရ

၇ ဖေဖော်ဝါရီ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) ပထမနေ့ကို ယနေ့ညနေ ၄ နာရီက သုဝဏ္ဏကွင်း၌ ကျင်းပရာ ဟံသာဝတီအသင်းက မကွေးအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 

ဟံသာဝတီအသင်းသည် ယခုပွဲတွင်လည်း ဂိုးပြတ်နိုင်ပွဲထပ်မံရယူပြီး ငါးပွဲဆက် အနိုင်ရလဒ်နှင့်အတူ ဇယားထိပ်ဆုံး၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ယခုရာသီတွင် ခြေစွမ်းရော ရလဒ်ပိုင်းပါ ကောင်းမွန်နေသည့် ဟံသာဝတီအသင်းသည် ရာသီအစ ငါးပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ မကွေးအသင်းမှာမူ ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ခဲ့ပြီး ငါးပွဲကစား ငါးမှတ်သာရရှိသေးပြီး လာမည့်ပွဲများတွင် ထပ်မံရုန်းကန်ရမည်ဖြစ်သည်။

 

ဟံသာဝတီအသင်းသည် ပုံစံကောင်းရနေသည့် လူစာရင်းကို ဆက်လက်အသုံးပြုခဲ့ပြီး ဒိုနယ်၊ အီမီကာ၊ မိုကာလူး၊ ဘိုဘိုနိုင်၊ လားဒင်မောရ၊ ရွှေလှိုင်ဝင်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ မကွေးအသင်းမှာလည်း နိုင်နိုင်ကျော်၊ စိုးလွင်လွင်၊ ပြည်မိုး၊ သိန်းဇော်တို့ဖြင့် ပွဲထွက်ခဲ့သည်။ မကွေးအသင်းသည် နိုင်ပွဲပြန်ရရန် ပွဲစကတည်းက တိုက်စစ်မြင့်ခဲ့ပြီး ဟံသာဝတီအသင်းကို ဖိအားပေးနိုင်ခဲ့သည်။ ဟံသာဝတီအသင်းသည် ပွဲအစတွင် တိုက်စစ်၌ လိုအပ်ချက်များရှိနေသောကြောင့် မကွေးအသင်း၏ ဖိအားပေးခြင်းကိုခံခဲ့ရပြီး မိနစ် ၂၀ နောက်ပိုင်းမှသာ အပြန်အလှန်ကစားနိုင်ခဲ့သည်။

 

မကွေးအသင်းသည် ဖိကစားနိုင်သော်လည်း ဂိုးရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် ဟံသာဝတီအသင်းက ပထမပိုင်းပြီးခါနီးတွင် နှစ်ဂိုးဆက်သွင်းယူကာ ပွဲကိုထိန်းချုပ်နိုင်ခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် ဟံသာဝတီအသင်း ဂိုးများဆက်တိုက်ရခဲ့ပြီး တိုက်စစ်မှူးအီမီကာက ၄၃၊ ၄၅ မိနစ်တွင် နှစ်ဂိုးဆက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင်လည်း ဟံသာဝတီအသင်းက ခြေပိုသာခဲ့ပြီး ၆၆ မိနစ်တွင် တိုက်စစ်မှူး ဒိုနယ်က တတိယဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဟံသာဝတီအသင်းက ပွဲကိုထိန်းချုပ်ကစားသွားခဲ့ပြီး မကွေးအသင်း၏ တိုက်စစ်ဆင်မှုများကိုလည်း အမှားအယွင်းမရှိ ထိန်းနိုင်ခဲ့သောကြောင့် ပေးဂိုးမရှိဘဲ ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ထပ်မံရယူနိုင်ခဲ့သည်။

 

ဒုတိယနေ့ကို ဖေဖော်ဝါရီ ၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် စစ်ကိုင်းအသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် Southern အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင