MNL ပြိုင်ပွဲတွင် မကွေး၊ ရန်ကုန်နှင့် ဟံသာဝတီ နိုင်ပွဲရရှိ

ရန်ကုန် ၂၀ ဇူလိုင်

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) ပထမနေ့ကို ယနေ့ ညနေပိုင်းက ကျင်းပရာ မကွေး၊ ရန်ကုန်နှင့် ဟံသာဝတီအသင်းတို့ နိုင်ပွဲရခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် မကွေးအသင်းက စစ်ကိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မကွေးအသင်းသည် ပထမပိုင်းသွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး တန်းဆင်းဇုန်မှလွတ်ရန် အခြေအနေ ကောင်းသွားခဲ့သည်။ စစ်ကိုင်းအသင်းသည် ပထမအကျော့ အိမ်ကွင်းပွဲတွင် ဂိုးပြတ်ရှုံးခဲ့သလို ယခုပွဲတွင်လည်း ထပ်မံရှုံးနိမ့်ခဲ့သောကြောင့် နှစ်ကျော့စလုံး အရှုံးပေးခဲ့ရသည်။

အမှတ်လိုနေသည့် မကွေးအသင်းနှင့် ရှုံးပွဲဆက်နေသည့် စစ်ကိုင်းအသင်းတို့ တွေ့ဆုံသောကြောင့် နှစ်သင်းစလုံး အမှတ်ရရန် ကြိုးပမ်းခဲ့ပြီး လူစုံထုတ်ကစားခဲ့သည်။ ပုံစံကောင်းရနေသည့် မကွေးအသင်းသည် ယခုပွဲတွင်လည်း ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၈ မိနစ်မှာပင် ဇင်မင်းထွန်းက စစ်ကိုင်းဂိုးသမားကိုကျော်ပြီး အဖွင့်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် စစ်ကိုင်းအသင်းက ချေပဂိုးပြန်ရရန် ကြိုးပမ်းသော်လည်း မကွေးအသင်းက ထိန်းချုပ်နိုင်ခဲ့ပြီး ၂၁ မိနစ်တွင် စိုးလွင်လွင်၏ ဖန်တီးပေးမှုမှတစ်ဆင့် ပြည်မိုးက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ စစ်ကိုင်းအသင်းသည် ချေပဂိုးပြန်ရရန် ကြိုးပမ်းသော်လည်း အဆုံးသတ်အားနည်းခဲ့၍ ပထမပိုင်းအပြီးတွင် နှစ်ဂိုးပြတ်ရှုံးနိမ့်နေသည်။ 

ဒုတိယပိုင်းတွင် စစ်ကိုင်းအသင်းက ချေပဂိုးရရန် ကြိုးပမ်းသလို မကွေးအသင်းကလည်း အနိုင်ရလဒ်ကိုထိန်းပြီး ဂိုးထပ်ရရန် ကြိုးပမ်းခဲ့သည်။ နှစ်သင်းစလုံး အခွင့်အရေးများ အသုံးမချနိုင်သောကြောင့် ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက ဒဂုံအသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းသည် ဆယ်လာ၊ သန်းပိုင်စသည့်ကစားသမားများကို အနားပေးထားသော်လည်း ပုံစံကောင်းပြသနိုင်ခဲ့ပြီး အနိုင်ဂိုးများကို ၅၊ ၄၂ မိနစ်တွင် ကောင်းထက်စိုး၊ ၄၉ မိနစ်တွင် မောင်မောင်လွင်တို့က သွင်းယူသည်။

ပဲခူး Grand Royal ကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက ရခိုင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအသင်းသည် သုံးပွဲဆက် ရှုံးပွဲကြုံတွေ့မှုကို ရပ်တန့် နိုင်ခဲ့ပြီး နိုင်ပွဲပြန်ရခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအတွက် ဂိုးများကို ၂၄ မိနစ်တွင် ညီညီအောင်-၂၊ ၈၉ မိနစ်တွင် အောင်မျိုးသူရတို့က သွင်းယူကာ ရခိုင်အတွက် ချေပဂိုးကို ၅၄ မိနစ်တွင် ငြိမ်းချမ်းက သွင်းယူခဲ့သည်။

ဒုတိယနေ့ကို ဇူလိုင် ၂၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း၊ မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် Southern အသင်း၊ သုဝဏ္ဏကွင်း၌ Chinland အသင်းနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - MNL