ရန်ကုန် မေ ၂၅
၂၀၂၆-၂၀၂၇ ရာသီ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁) နောက်ဆုံးနေ့ကို မေ ၂၅ ရက်က ဆက်လက်ကျင်းပရာ သစ္စာအားမာန်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ နိုင်ပွဲရရှိသည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ သစ္စာအားမာန်အသင်းသည် ဒုတိယပိုင်းတွင် သွင်းယူသည့်ဂိုးဖြင့် အဖွင့်ပွဲတွင် အမှတ်ပြည့်ရယူနိုင်ခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းမှာမူ ရှုံးပွဲနှင့် စတင်ခဲ့သည်။ သစ္စာအားမာန်အသင်းအတွက် အနိုင်ဂိုးကို မိနစ် ၆၀ တွင် ဟိန်းလင်းဇော်က သွင်းယူသည်။
တောင်ဒဂုံကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ရန်ကုန်စီးတီးအသင်းသည် ဦးဆောင်ဂိုး သွင်းယူနိုင်သော်လည်း အနိုင်ရလဒ်မထိန်းနိုင်သဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းယူနိုက်တက်အသင်းမှာမူ နောက်မှလိုက်ကစားကာ အမှတ်ပြည့်ရယူခဲ့ခြင်းဖြစ်သည်။ ရှစ်မိနစ်တွင် ကျော်မင်းမောင်က ရန်ကုန်စီးတီးအသင်းအတွက် ဂိုးစတင်သွင်းယူသော်လည်း စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ၂၄ မိနစ်တွင် ကျော်မင်းစိုး၊ အနိုင်ဂိုးများကို ၄၂ မိနစ်နှင့် ၇၁ မိနစ်တွင် မျိုးသူလွင်က သွင်းယူသည်။
ပွဲစဉ်(၁)အပြီးတွင် အား/ကာသိပ္ပံ၊ စစ်ကိုင်းယူနိုက်တက်၊ သစ္စာအားမာန်၊ Falcon၊ မြဝတီနှင့် Galaxy အသင်းတို့ နိုင်ပွဲရရှိထားသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MNL


