ရန်ကုန် ဇွန် ၁၄
၂၀၂၆-၂၀၂၇ ရာသီ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)ကို ဇွန် ၁၂၊ ၁၃ ရက်ကကျင်းပရာ ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ Galaxy ၊ ရတနာပုံ၊ Falcon၊ ဒဂုံစတားယူနိုက်တက်နှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့ အနိုင်ရရှိခဲ့သည်။
ယခုတစ်ပတ်တွင် ဇယားထိပ်ဆုံးမှ အသင်းအများစု အနိုင်ရခဲ့ပြီး Galaxy အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို ငါးဂိုး-တစ်ဂိုး၊ ရှမ်းယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို ငါးဂိုး-ဂိုးမရှိ၊ ရန်ကုန်ယူနိုက်တက်အသင်းက Chinland အသင်းကို ငါးဂိုး-တစ်ဂိုး၊ ဧရာဝတီ ယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဒဂုံစတားယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို သုံးဂိုး-ဂိုးမရှိ၊ ရတနာပုံအသင်းက အား/ကာသိပ္ပံအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ Falcon အသင်းက မြဝတီအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် (၃) အပြီးတွင် ရမှတ်တူဖြင့် ထိပ်ဆုံး၌ ငါးသင်းအပြိုင်ဖြစ်နေသည့်အသင်းများအနက် ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်အသင်းတို့ နိုင်ပွဲရခဲ့ပြီး အား/ကာသိပ္ပံ၊ သစ္စာအားမာန်နှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ရှုံးပွဲကြုံတွေ့ခဲ့သည်။
ပွဲစဉ် (၄) အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းက ၁၀ မှတ်စီ၊ Galaxy အသင်းက ကိုးမှတ်၊ အား/ကာသိပ္ပံ၊ ရတနာပုံ၊ ဒဂုံစတားယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့က ခုနစ်မှတ်စီ၊ Falcon အသင်းက ငါးမှတ်၊ ဧရာဝတီယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်နှင့် မြဝတီအသင်းက သုံးမှတ်စီ၊ ရန်ကုန်စီးတီးအသင်းက တစ်မှတ်ရရှိထားပြီး Chinland အသင်းက အမှတ်မရသေးပေ။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - MNL


