မန်လည်ပြာသာဒ်ကျောင်းကြီးနှင့်သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ

အင်းတော်  ၂၀  ဇန်နဝါရီ   

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်မန်လည်တောင်ရွာတွင် မန်လည်ပြာသာဒ်ကျောင်းကြီးရှိပါသည်။ ထိုကျောင်းကြီးသည် မန္တလေးမြစ်ကြီးနားမီးရထားလမ်းရှိ ဆည်ရွာဘူတာ မှ အနောက်ဘက် နှစ်မိုင်အကွာတွင်ရှိပါသည်။ ကားလမ်းအနေဖြင့်မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးပေါ်ရှိ အင်းတော်မြို့ မရောက်မီ သုံးမိုင်ခန့်အလို" မန်လည်ဆရာတော်ကျောင်းသို့ " ဟူသော လမ်းညွန်မှတ်တိုင်မှ ဝဲဘက်သို့ချိုးကွေ့ပြီးကျောက်ချောလမ်း အတိုင်းသုံးမိုင်ကျော်ခရီးသွားရပါသည်။ မန်လည် ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့သောပြာသာဒ်ကျောင်းကြီးသည် အလျား(၁၃)ခန်း၊ အနံ(၁၃)ခန်းပတ်လည်ဖြစ်ပါသည်။

 

အရှေ့အနောက်တန်းလျက်အလယ်ဆောင်ရှေ့ဆုံး(၄-၅)ခန်းသည် အစည်းအဝေးခန်းမဖြစ်သည်။ အလယ်(၄-၅)ခန်းသည်ဘုရားခန်းဖြစ်ပြီး အနောက်(၅-၅)ခန်း ပတ်လည်သည် ဆွမ်းပြင်နှင့်ကျေ ာင်းသား၊ ကိုရင်များ စာသင်သောအခန်းဖြစ်သည်။ထို(၃)ခန်းသည်နန်းမဆောင်ပြာသာဒ် ပေါက်ထားပါသည်။

 

ပထမဆရာတော်ကြီးကျိန်းစက်ခန်း၊ ဦးမန္တာကျိန်းစက်ခန်းနှင့်ဆရာတော်ကြီး၏ ကုဋီခန်းတို့ကို လည်းပြဿဒ်ပေါက်ထားပါသည်။ ထို့ကြောင့်"မန်လည်ပြဿဒ်ကျောင်းကြီး" ဟုခေါ်တွင်ခဲ့ခြင်းဖြစ်ပါသည်။ထိုပြာသာဒ်ကျောင်းကြီးကို မင်းထင်မင်းလှ သမန္တရာဇာ ဘွဲ့ထူးတံဆိပ်ချီး မြှင့်ခြင်းခံရသော မန်လည်မြို့ဝန် ဦးပု - ဝန်ကတော်ဒေါ်ကွန်းတို့က ၁၂၅၀ ပြည့်နှစ်တွင်ဆောက်လုပ်လှူ ဒါန်းခဲ့ပါသည်။ မန်လည်ဆရာတော်ဘုရားကြီးကိုယ်တိုင်ကြီးကြပ်၍ ၁၂၇၅ ခုနှစ်တွင်ပြာသာဒ်ကျောင်း ကြီး တစ်ဆောင်လုံးကို မဟာသိမ် သမုတ်ထားတော်မူခဲ့ပါသည်။ဆရာတော် ဘုရားကြီးကိုးကွယ် တော်မူခဲ့သော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလည်းယနေ့တိုင်ဖူးတွေ့နိုင်ပါသည်။

 

၁၃၀၈ ခုနှစ်မြေငလျင်ဒဏ်ကြောင့်ပြာသာဒ်ကျောင်းကြီးပျက်စီးယိုယွင်းမှု ဖြစ်ခဲ့ပါသည်။ ယခုလက်ရှိပြာသာဒ်ကျေ ာင်းကြီးသည် ၁၃၀၉ ခုတပေါင်းလဆန်း(၁၀)ရက်ကြာသပတေးနေ့တွင် နယ် သူနယ်သားအပေါင်းက မူလလက်ရာကိုအတတ်နိုင်ဆုံးအတုယူ၍ အရှေ့ဘက်ဦးခေါင်းပြု ပြီးအင်ကြင်းတိုင်(၁၆၈)လုံးဖြင့် စိုက်ထူဆောက်လုပ်လှူ ဒါန်းခဲ့ပါသည်။

 

 

လှေကားကြီးလေးခုရှိသည်။ ကျောင်းကြီး၏အနောက်ဘက်တွင်တပ်ဆင်ထားသောတောင်ဘက် နှင့်မြောက်ဘက်လှေကားကြီး တစ်ခုစီနှင့်အနောက်ဘက်မှတက်ရောက်ရန်အုတ်လှေကားကြီးနှစ်ခုရှိသည်။ ကျောင်းကြီး၏အဆောင်အဝါကျယ်ပြန့်ကြီးမားမှုကြောင့်အလင်းရောင်လုံလောက်စွာရရှိရန် အလင်းပေါက်နိုင်လွန် မှန်သား(၄)ခုကို ကျောင်း၏ ဘုံခုနစ်ဆင့်ခံ အလယ်ဆောင်အမိုးတွင် တပ်ဆင်ထားပါသည်။ ဘုရားဆောင်ခန်း၊ဇေတဝန်ဆောင်ခန်း၊ သဃာတန်းများ ဘက်တွင်တိုင်တစ်လုံးစီ ဖျောက်ထားပါသည်။ ကျောင်းကြီး၏အောက်ခြေတွင်ကွန်ကရစ်လောင်း၍အမာခံပြုလုပ်ထားသည်။

 

 

ပြာသာဒ်ကျေ ာင်းကြီး၏အမိုးများကိုကြည့်လျင်တောင်ဘက်ကျေ ာင်းဆောင်တွဲသည်သုံးဆင့်လည်ပေါ်ဇေတဝန် ဆောင်ဖြစ်သည်။ ကျောင်းဆောင်ကြီး၏ ဘုရားဆောင်ပေါ်ရှိအမိုးသည်အဝေးမှကြည့်လျှင် သွပ်ပန်း ကနုတ်ဖော် ဘုံအဆင့်ဆင့်ဖြင့်တည်ရှိပြီး အညွန့်အတက်များဖြင့်တွေ့မြင်နိုင်ပါသည်။ ကျောင်းကြီးသည် ခန္ဒသိမ်အမျိုးအစား ဖြစ်၍ကျေ ာင်းပေါ်တွင်သိမ်ဝင်နိုင်သည်။

 

 

ဘုရားဆောင်ခန်းတွင်အင်းဝခေတ်၊ ကုန်းဘောင်ခေတ်နှင့် ယခုခေတ် လက်ရာပုံစံအမျိုးမျိုး သော ဗုဒ္ဓရုပ်ပွားတော်များကို ဖူးမြော်နိုင်ပါသည်။ ကင်းဝန်မင်းကြီးလှူ ဒါန်းသော ဆင်စွယ်ဖြင့်ပြုလုပ်ထား သည့့််ဓာတ်တော်l ဌာပနာရုပ်ပွားတော်တစ်ဆူကိုလည်းဖူးတွေ့နိုင်ပါသည်။ ပထမ မန်လည်ဆရာတော်ကြီး ရေးသားတော်မူသော " မဟာသုတကာရီ မဃဒေဝလင်္ကာသစ်" ကျမ်းစာ၏ ပေမူများကို ရွှေချသိမ်းဆည်းသည်ကိုလည်းတွေ့မြင်နိုင်ပါသည်။ ပထမ မန်လည်ဆရာတော်ကြီး၏ ပုံတူပန်းချီ ကား၊ ဒုတိယမန်လည်ဆရာတော်ကြီး၏ ပုံတူပန်းပု လက်ရာများကိုလည်း ဖူးမြင်နိုင်ပါသည်။ ရှေးခေတ်တရား ဟောပလ္လင်ကြီးလည်းရှိသည်။ ဘုရားဆောင်ခန်းအနောက်ဖက်တွင် ကိုလိုနီခေတ်ဦး ကာလလက်ဆွဲမီးအိမ်အမျိုးမျုးိကိုလည်းချိတ်ဆွဲထားပါသည်။

 

ဘုရားဆောင်ဝဲယာနှစ်ဘက်တွင် ရွှေပိန်းချ စာတိုက်ကြီးများ၊ ပိဋကတ်တော်စာတိုက်ကြီးများ စုစုပေါင်း(၇)ခုတွေ့ရှိရပါသည်။ ၎င်းစာတိုက်ကြီးမျ ားသည်ရာမယနဇတ်တော်၊ ဘုရားအလောင်းစုတေ၍ လူပြည်ဆင်းခန်းဇတ်တမ်းမျ ားကိုရွှေပိန်းချဖောင်းကြွပန်းပုရုပ်များဖြင့်ဖော်ဆောင်ထားခြင်းဖြစ်သည်။ 

 

၁၂၉၁ ခုနှစ်တွင်ပြုလုပ်လှူ ဒါန်းထားသောခြင်္သေ့ရုပ်ခံပန်းပုကနုတ်ဖော် ဘီရိုကြီးတစ်လုံး နှင့်အခြားလက်ရာ ဟောင်းဘီရိုများကိုလည်းတွေ့ရသည်။ဘုရားဆောင်မုဒ်ဝနှစ်ဖက်တွင်ကိန္ဒရီ၊ ကိန္ဒရာရုပ်စုံ(၄)ရုပ်၊ ကိန္ဒရီ၊ ကိန္ဒရာမောင်နှံ(၂)ရုပ်၊ ဟင်္သာအုပ်(၂)ရုပ်၊ ဖောင်းကြွတိုင်ဖုံး(၂) ခုကိုတွေ့ရသည်မှာ လက်ရာအရနှင့်ယဉ်ကျေးမှုတန်ဖိုးအရပါ အဖိုးမဖြတ်နိုင်အောင်ရှိပါသည်။မင်းခမ်းမင်းနားများတွင်အသုံးပြုသော မှန်စီရွှေချကျိုင်းထိပ်ဖူးကြီး(၁)ခုကိုလည်းတွေ့ရသည်။ရှေးခေတ်သုံးကနုတ်ဖော်ထမ်းပိုးကြီးတစ်ချောင်းလည်းတွေ့ရသည်။ ကုန်းဘောင်ခေတ်လက်ရာ မှန်စီရွှေချ ယပ်မာ(၄)ခုလည်းရှိသည်။ကုန်းဘောင်ခေတ် လက်ရာအဆင့်(၅)ဆင့်ပါစစ်စေးသုတ်ပွဲတော်အုပ်(၁)လုံး၊ မှန်စီရွှေချ ကျိုင်း(၁)ချောင်းနှင့်ထိုင်ဖုံးအမျိုးမျိုး ကိုတွေ့ရပါသည်။

 

 

ပထမ မန်လည်ဆရာတော်ကြီးနှင့်ဒုတိယဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းပြတိုက် ဘီရိုကြီး(၂)ခုရှိသည်။ ပထမ မန်လည်ဆရာတော်ကြီး၏ပစ္စည်းများတွင် ရှေးခေတ်သုံးမှန်စီရွှေချ စက်နာရီတစ်လုံးကို ထူးခြားစွာတွေ့ရသည်။ ရှေးခေတ်ဖန်ထည်အမျိုးမျိုး ပေစာ ပုရပိုက် စာမူဟောင်းများထားရှိသည်။ကိုလိုနီခေတ်ဦးယွန်းအစ်ကြီးများ၊ကြေးလင်ဗန်း၊ဂျပန်ယွန်းလင်ဗန်းများကိုတွေ့ရသည်။ဘုရားဆောင်ခန်းရှေ့တွင်ပြတိုက်ဘီရို(၆)လုံးတွေ့ရ သည်။

 

 

 

၎င်းပြတိုက်ဘီရိုထဲတွင်ဆရာတော်ကြီးများ၏ အသုံးအဆောင်များနှင့်ရှားပါးပစ္စည်းများကိုထည့်သွင်းပြသထားပါသည်။ အထူးခြားဆုံးမှာလက်ဖက် ခြောက် မခတ်ဘဲ ရေနွေးထည့်လျှင်လက်ဖက်ရည်ကြမ်း အရသာရှိလာသော လက်ဖက်ဆီကရား အိုးကိုတွေ့မြင်နိုင်သည်။ ရှမ်းစော်ဘွားတစ်ဦးမှ လှူဒါန်းထားသည်ဟုသိရသည်။ကျောင်းဆောင်ကြီး၏ အနောက်မြောက်ဒေါင့်တွင် ကုန်းဘောင်ခေတ်နှောင်း နန်းတွင်းပန်းချီကျော်ဆရာချုံ၏ လက်ရာပန်းချီ ကား(၄)ကားကိုတွေ့ရှိရသည်။ တိုင်လုံးကြီးများတွင်ခေတ်အဆက်ဆက်ဓာတ်ပုံ၊ ပန်းချီကားများလည်း တွေ့ရသည်။ ကျောင်းနောက်ဘက်နံရံတွင် ပထမ မန်လည်ဆရာတော်ဘုရားကြီး၏ မြန်မာနိုင်ငံအောက်ပိုင်း ဒေသစာရီကြွချီ တော်မူသော ပန်းချီကားချပ်များကိုလည်းတွေ့မြင်နိုင်သည်။ ပထမ မန်လည်ဆရာကြီးရေးဆွဲထား သောဥတေန ဘုရင်အားဆင်နှင့်ညှပ်ဖမ်းပုံပန်းချီကားကိုလည်းပြသထားသည်။ ဤသို့ဖြင့်မရေမတွတ်နိုင်သောအဖိုးတန်ပစ္စည်းများကိုမန်လည်ပြာသာဒ်ကျောင်းကြီးတွင်လေ့လာနိုင်ပါသည်။

 

 

"လူမျိုးတစ်မျိုး၏ လူနေမှုအဆင့်အတန်း တန်ဖိုးမြင့်မားခြင်းကို ယဉ်ကျေးမှုဟုအဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါတယ်၊ လူသားတို့၏ ကိုးကွယ်ယုံကြည်မှု ဘာသာတရား၊ စာပေ၊ ဂီတ အသုံးအဆောင်ပစ္စည်းများ စသည် တို့ကိုကြည့်ရှုခြင်းဖြင့် လူသားတို့၏ယဉ်ကျေးမှုအဆင့်အတန်းကိုသိသာနိုင်ပါတယ်၊  အတိတ်သမိုင်း ၏ဖြစ်တည်မှုသည် လက်ရှိကျန်ရစ်နေသောမန်လည်ပြာသာဒ်ကျောင်းကြီးနှင့်အတူ ရှေးဟောင်း အနုပညာလက်ရာ အမွေအနှစ်များသည်မန်လည် ဒေသယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ထုတ်သကဲ့သို့ရှိနေပါတယ်၊ မန်လည်ဒေသယဉ်ကျေးမှုမှသည် မြန်မာ့ယဉ်ကျေး မှုကိုဖော်ထုတ်ရာရောက်ခဲ့ပါတယ်၊ ရှေးခေတ်မန်လည်ဒေသရှိလူတို့၏အမွေအနှစ်အဖိုးတန် " ရတနာ " ပစ္စည်းများကိုအရှည်သဖြင့်တည်တန့်ရန်ကျွန်ုပ်တို့ တာဝန်ရှိပါတယ်"ဟု  အသက် ၈၇ နှစ်ရှိ မန်လည်ပြာသာဒ်ကျောင်းကြီး၏ ဂေါပက ဦးလှကျော်ကပြောသည်။   

 

ကိုမင်း(အင်းတော်)