မွန်လူငယ်တို့ ချစ်ကြရာဝယ်

မောင်အောင်မွန်

 

လူငယ်တို့သည် အချိန်တန်အရွယ်ရောက်လျှင် ဘဝကြင်ဖော်ရှာကြစမြဲပင်။ လူပျိုလူရွယ်လေးများနှင့် အပျိုလေးတို့သည် ထင်းခွေရေခပ်ရင်း ဆုံမိကြမည်။ ပွဲလမ်းသဘင်များတွင် မြင်မိကြမည်။ အလှူအတန်းများတွင် အတူလုပ်အားပေးမိကြမည်။

 

တစ်ယောက်ကိုတစ်ယောက် သိခွင့်ကြုံကြသည်။ မိတ်ဆက်ခွင့်ရကြသည်။ ခင်မင်အောင် ကြိုးစားကြသည်။ ထို့နောက် လူပျိုလေးများသည် မိမိနှစ်သက်မြတ်နိုးသူလေး၏ မေတ္တာကိုရယူနိုင်ရန် ရိုးရာဓလေ့ ထုံးစံများဖြင့် လည်းကောင်း၊ အပျိုအိမ်သို့ မိသားဖသားပီပီ သွားရောက် စေ့စပ်ကြောင်းလမ်း၍လည်းကောင်း ကြိုးစားကြသည်။

 

မွန်လူပျိုလေးတို့၏ ချစ်ရေးဆိုင်ရာ တစ်နည်းဆိုရသော် လူပျိုလှည့်ပုံကို လေ့လာကြည့်ကြပါစို့။

 

ရှေးခေတ်က မွန်လူငယ်တို့ လူပျိုလှည့်ကြပုံမှာ ယခုခေတ်နှင့် ယှဉ်ကြည့်လျှင် မဆိုထားနှင့် ယခုကာလမျက်စိဖြင့်ကြည့်လျှင်ပင် များစွာခြားနားလေစွ။ လူငယ်တို့၏ တိုက်ရိုက်တွေ့ဆုံမှုကို အခြေပြုသော်လည်း မိဘာတို့၏ သဘောထားက အဓိကနေရာက ပါဝင်သည်ဟု ဆိုရပေမည်။

 

ပြည်ထောင်စုတွင်း တိုင်းရင်းသားတိုင်းလိုလိုမှာပင် လူမှုဆက်ဆံရေးတွင် တစ်အိုးတစ်အိမ်ထူထောင်ရေးကို အလေးထားကြ၏။ အရွယ်ရောက်လာသူများအား တင့်တယ်လျောက်ပတ်စွာ အိမ်ထောင်ချပေးမှသာ မျိုးရိုးမတိမ်ကောနိုင်မည် မဟုတ်ပါလား။ သားရှင်ကလည်း ချွေးမကောင်း ရှာကြမည်။ သမီးရှင်ကလည်း သမက်ကောင်းလိုချင်သည်။

 

မွန်ယောကျာ်းပျိုများသည် မွန်အချောအလှမလေးများ၏ ဘဝကြင်ဖော်ဖြစ်နိုင်ရန် ကြိုးစားကြရာဝယ် သမီးရှင်မိဘတို့၏ စမ်းသပ်မှုခံယူရမည်ကို သဘောပေါက်နားလည်ပြီးသားဖြစ်သည်။ ပြင်လည်း ပြင်ဆင်ထားကြသည်သာပင်။

 

သမီးရှင်တို့ကလည်း တစ်နေ့သောအခါ သမက်ရတော့မည်ကိုသိပြီးသားမို့ သမီးလေး စိတ်ချမ်းမြေ့စွာဖြင့် အိမ်တစ်ဆောင် မီးတပြောင် ထူထောင်နိုင်ရန် စေတနာထားပြီး သေချာစွာကြည့်ရှုလေ့လာပြီးမှသာ သဘောတူ လက်ခံတတ်ကြ၏။ တော် မတော်၊ သင့် မသင့်ကို အချိန်ယူချိန်ဆကြသည်။

 

သမက်လောင်းအား သမီးရှင်မိဘတို့က အဘယ်ပုံ အဘယ်နည်း ပြင်ဆင်အကဲဖြတ်သည်ကို လေ့လာကြည့်လျှင် အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်ကို တွေ့မြင်ရပေမည်။

 

သဘာဝအတိုင်းပင် လူပျိုသည် အပျိုမလေးရှိရာသို့ သွားရောက်ပိုးပန်းရ၏။ မိမိက နှစ်သက်မြတ်နိုးနေသည့် မိန်းမငယ်လေးနှင့် အသိမဖြစ်သေးပါက ဦးစွာ ထိုမိန်းမပျိုလေးနှင့် ခင်မင်ရင်းနှီးသော လူပျိုလေးများကို ဦးစွာရှာရသည်။ သူတို့ကို အားကိုးရသည်။ သူတို့ကို အဖော်ခေါ်ကာ အိမ်အလည်သွားရ၏။ ပထမ မိတ်ပင်ဆက်ချင်မှ ဆက်မိသည်။ မိန်းကလေးကလည်း မှတ်မိချင်မှ မှတ်မိမည်။ သုံးကြိမ်ခန့်ကြာတော့ မျက်မှန်းတန်းမိလာသည်။

 

အလှူပွဲများ၊ ဇာတ်ပွဲများ၊ သင်္ကြန်ပွဲများတွင် တွေ့ဆုံဖူး၍ မျက်မှန်းတန်းမိသူဖြစ်လျှင်လည်း အရဲစွန့်ကာ တစ်ယောက်တည်း အလည်သွားလို့ရသည်။ အချစ်ရေးကို ရနိုင်မရနိုင်ခြင်းကတခြား ယဉ်ကျေးစွာတော့ လက်ခံလေ့ရှိ၏။ မိတ်ဆွေဖြစ်သဘောဟု ဆိုရလေမလား။

 

အရွယ်ရောက်သော မိန်းမပျိုရှိလျှင် မိဘတိုင်းက မျှော်လင့်တွေးဆပြီးသားမို့လည်း ပြင်ဆင်ထားရ၏။ လူပျိုလှည့်ရန် လာမည့် ကာလသားအား မိမိတို့၏သမီးက ဧည့်ခံစကားပြောရန် သင့်လျော်မည့်နေရာကို စီစဉ်ထားရသည်။ ဧည့်ခန်းကိုပေးလိုက ပေးနိုင်သည်။ သို့မဟုတ် ကွပ်ပျစ်တစ်ခုလောက် ထားရှိရသည်။

 

ကွမ်းအစ်ထားပေး၏။ ကွမ်းစားပါလေ။ ဆေးလိပ်တည်ထားပေး၏။ သောက်ပါလေ။

 

မောင်ကြီး နှမအပါးမှာရှိနေသည်ကို ပီတိဖြစ်ရုံနှင့် ကျေနပ်ပြီလား။ ကွမ်းစားနိုင်ပါသည်။ ဆေးလိပ်လည်း သောက်နိုင်ပါသည်။ ကွမ်းတဝါးဝါး၊ ဆေးလိပ်တဖွားဖွားနှင့် စကားပြောလည်း ရပါသည်။ တစ်ခုတော့ရှိ၏။ နှီးဝါးပိုင်းများ၊ ဓားထက်ထက်တစ်ချောင်း၊ ဖျာပြီးလက်စနှီးများ အသင့်ထားရှိသည်ကိုလည်း သတိမမူဘဲ မနေပါနှင့်။

 

လူပျိုလေးရောက်လာပါက သမီးရှင်၏ အဖေမရှိသည်က များ၏။ သို့မဟုတ် ရှိနေပါကလည်း မကြာမီ အပြင်ထွက်သွားတတ်သည်။ အမေကတော့ မလှမ်းမကမ်းတွင် တစ်ခုခုလုပ်ကိုင်ရင်း ရှင်းနေတတ်သည်။ အမေက ဗိုင်းငင်နေ၍ မျက်စိက ချည်ကိုသာ မြင်နေမည်ဟု မထင်လိုက်ပါနှင့်။ မကြည့်ဘဲ အကုန်မြင်နေရသည်။ ဖျာရက်နေပေမယ့် မျက်စိ၊ နား အာရုံအားလုံးက မိမိတို့ဆီ ရောက်နေသည်ကို ရိပ်မိရမည်။

 

တစေ့တစောင်း အကဲခတ်နေသည်။ တန်ဖိုးဖြတ်နေသည်။ အမှတ်ပေးနေသည်။ အောင်မှတ်ရရန် ကြိုးစားပါတော့ ကိုလူပျို။

 

ကွမ်းအရင်စားမိပါက မိခင်သည် ဘယ်သူမျှမမြင်အောင် လှောင်ပြုံးပြုံးလိုက်မည်။ ဆေးလိပ်အရင်သောက်ပါက မဲ့လိုက်ပေမည်။ စကားတဖောင်ဖောင် ဆက်ပြောနေပါလျှင် ထိုလူငယ်သည် အလုပ်ထက် အစားကို မက်မောသူ၊ အလုပ်ထက် စကားကိုသာ ပြောနေမည့်သူဟု ယူဆကာ အထင်မကြီးချင်တော့။

 

ကိုလူပျိုလည်း ပထမအစမ်းမှာပင် စာမေးပွဲရှုံးနိမ့်လေပြီ။ အကယ်၍ လူငယ်ပျိုသည် ဓားကိုကောက်ကိုင်ကာ ဝါးပိုင်းကိုခွဲပြီး နှီးဖျာမည်ဆိုပါက မိခင်က ကျေနပ်ပြုံး ပြုံးလိမ့်မည်။ သို့မဟုတ် ဖျာပြီးသားနှီးများဖြင့် တောင်းဖြစ်စေ၊ ပလုံးဖြစ်စေရက်ပါက ပိုမို ကျေနပ်ပေလိမ့်မည်။ သူပြန်သွားတော့မှ သူ့လက်ရာ ဘယ်လောက်ကောင်းသည်ကို အကဲခတ်မည်။ သမီးတို့အဖေကိုပြကာ တိုင်ပင်မည်။ လက်ရာ ဘယ်လောက်မြောက်သနည်း။ ဘယ်လောက်ကျွမ်းကျင်သနည်း။

 

 

သမက်လောင်းကလည်း သူ့အစွမ်းအစ သူ့အရည်အချင်းကို ပြသခြင်းဖြင့် ရင်တွင်းကနေပြီး သူသည် အိမ်ထောင်တစ်ခုကို အဘယ်အတိုင်းအတာအထိ ဦးဆောင်နိုင်ကြောင်း ပြောလျက်ရှိသည်။

 

တောင်းပလုံးရက်၍ နှီးဖျာတတ်ရုံနှင့် အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ဖြစ်ရရောလားဟု မေးချင်ကောင်း မေးချင်ကြပေမည်။ ထိုတစ်ခုလောက်ကို သင်ထားလိုက်လည်း ဖြစ်သည်ဟုလည်း တွေးမိကောင်း တွေးမိကြပေမည်။ ရှေးခေတ်က လူငယ်များကလည်း ရိုးသားကြသည်။ လူကြီးများကလည်း အကွက်မြင်ကြသည်။

 

ရှေးကတည်းက မွန်အမျိုးသားတို့သည် စိုက်ပျိုးရေးကိုသာ အဓိကစီးပွားရေးအဖြစ် ထားကြ၏။ လက်ယာကိုင်းကျွန်း လုပ်ကိုင်စားသောက်ကြသည်။ နှီးဖျာခြင်း၊ တောင်းထိုးခြင်း၊ ပလုံးရက်ခြင်းတို့ကား ဝါးကိုနိုင်မှသာ ပြုလုပ်နိုင်မည်။ ဝါးကိုနိုင်ခြင်းသည် တောင်ယာလုပ်ငန်းကို တစ်စိတ်တစ်ဒေသအားဖြင့် နိုင်ခြင်းဟု မှတ်ယူကြ၏။

 

မိမိတို့၏သမီးကို မိဘတိုင်းလိုက ဆင်စီးပြီး မြင်းရံသည်ကိုသာ မြင်လိုကြသည်မဟုတ်ပါလား။ ထို့ကြောင့်လည်း မွန်အမျိုးသားတို့သည် အိမ်ထောင်တစ်ခု၏ အသက်သွေးကြောဖြစ်သည့် စီးပွားရေး၊ တစ်နည်းဆိုရသော် သားမယားအား ဝဝလင်လင်ရှာကျွေးနိုင်စွမ်းရှိ၊ မရှိကို ဦးစားပေးစဉ်းစားကြခြင်း ဖြစ်သည်။

 

လူပျိုသည် စကားပြောရာတွင်လည်း ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုကြရသည်။ အပျိုမလေးနှင့်သာ ပြောနေသည်ကားမှန်၏။ သို့သော် အမေကြားနိုင်သည်။ ကြားလည်း ကြားသည်။ ရိုင်းရန်ဝေးစွ မှားလို့ပင်မဖြစ်။ စကားအရာမှာသာ ပါးနပ်လိမ္မာရမည်မဟုတ်။ ဗဟုသုတကြွယ်ဝရန်လည်း အရေးကြီးလေ၏။ အဘယ်ကြောင့်ဆိုသော် လူပျိုလာလှည့်သော ကိုလူပျိုအား အပျိုမလေးက စကားထာဝှက်၍ ပညာစမ်းလေ့ ရှိသောကြောင့်တည်း။

 

မွန်တိုင်းရင်းသားတို့သည် စကားထာဝှက်ခြင်းကို အလွန်နှစ်သက်ကြသည်။ အလွန်ရှေးကြသော ခေတ်ကတည်းက အပျိုမလေးနှင့် လူပျိုလေးတို့ စကားထာဝှက်ကြသည်ကို မှတ်တမ်းမှတ်ရာများဖြင့် ထားကြ၏။ မွန်တို့သည် လင်္ကာကိုလည်း အလွန်မြတ်နိုးကြ၏။ ထို့ကြောင့် အပျိုမလေးက စကားထာဝှက်ရာဝယ် ရိုးရိုးစကားပြေဖြင့်မမေးဘဲ လင်္ကာဖြင့်သာ မေးသည်။ လင်္ကာဆိုသည်မှာလည်း စပ်ဆိုခြင်းမဟုတ်ဘဲ နှုတ်မှအလိုလိုထွက်ရုံနှင့် လင်္ကာဖြစ်နေခြင်းတည်း။

 

စကားထာ၏ အဖြေကိုသိသော လူပျိုလေးသည်လည်း လင်္ကာဖြင့်သာ ပြန်ဖြေရသည်။

 

လူပျိုလှည့်ခွင့်ရကာမျှနှင့် မိန်းမငယ်လေး၏ မေတ္တာကိုရပြီဟု မမှတ်ယူလေနှင့်။ အစမ်းသပ်ခံခွင့် စာမေးပွဲဖြေခွင့်ရခြင်းမျှသာ ရှိသေးသည်။ စကားထာဝှက်ခြင်းကလည်း အဖြေမူကွဲများ ရှိနိုင်သည်။ မိမိဘက်က မှန်သည်ဟုထင်သော်လည်း မိန်းမပျိုကဘယ်မူနှင့် အဖြေပေးနိုင်မည်မသိနိုင်။ ထို့ကြောင့် အပိုင်တွက်၍မဖြစ်။

 

တစ်ကြိမ် အဖြေမှန်သွားပြီးနောက် လာမည့်အကြိမ်များတွင်လည်း ဆက်မှန်သွားရန် လိုသည်။ မိန်းမပျို စိတ်မပြောင်းဘဲ တစ်ဆင့်ဆင့်ကြီးထွားလာသည့် မေတ္တာကို ဖန်တီးယူနိုင်ရမည်။ လူငယ်တို့ချင်း ချစ်သွားကြသည့်တိုင် မိဘတို့၏ သဘောတူမှုကိုရရန် များစွာလိုပေသေးသည်။

 

စေ့စပ်ကြောင်းလမ်းခြင်း၊ လက်ထပ်ထိမ်းမြားခြင်းတို့အကြောင်းကို ရေးပါက မဆုံးနိုင်။ သီးခြားထားရပါမည်။ လူငယ်တို့ချင်း ချစ်ရေးဆိုကြခြင်း တစ်နည်းဆိုရသော် အပျိုမလေးထံ လူပျိုလေးက လူပျိုသွားလှည့်ပုံ အကြောင်းကိုသာ ထင်ပြနေခြင်းဖြစ်သည်။

 

အပျိုမလေးထံသို့ လူပျိုကာလသားက လူပျိုလှည့်သော အလေ့အထကလည်း လူမျိုးတိုင်းမှာရှိကြသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများကိုလည်း ကြည့်ပါ။ ကချင်တို့မှာလည်း သူ့နည်းနှင့်သူရှိကြသည်။ ကယားလူငယ်မောင်မယ်တို့ တွေ့ဆုံချစ်ခင်စုံမက်ရန် အခွင့်အလမ်းရှိသည်။ ကရင်လူပျိုလေးများ လူပျိုလှည့်ကြမည့် ဓလေ့ထုံးစံရှိသည်။ ချင်းလူငယ်တို့၏ လူပျိုလှည့်နည်းကား ပျော်စရာအကောင်းဆုံးဟု ဆိုကြသည်။ ရခိုင်တို့မှာလည်း နည်းလမ်းရော ထုံးတမ်းစဉ်လာ ပါရှိကြသည်သာပင်။ ရှမ်းတို့မှာလည်း ဘိုးစဉ်ဘောင်ဆက်ကတည်းက လူပျိုလှည့်နည်းကို မှတ်ယူကျင့်သုံးကြ၏။

 

မွန်တို့၏ လူပျိုလှည့်နည်း အမျိုးမျိုးရှိကြသည့်အနက် ခြောက်မျိုးခွဲခြား၍ရကြောင်း ပညာရှင်တစ်ဦးက သူ၏ သုတေသနစာတမ်းတွင် ဖော်ပြထားသည်ကို ဖတ်ဖူးပါသည်။ ရှာဖွေဖော်ထုတ်ကြပါက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထပ်ပေါ်လာမည်သာတည်း။

 

လူပျိုလှည့်ရင်း စကားထာဝှက်ခြင်းဘက ပြန်လှည့်ကြပါစို့။

 

လူပျိုလေးတစ်ယောက်က အပျိုမလေးအိမ်ကို အလည်သွား၍ လူပျိုလှည့်ခြင်းမှ ပေါ်ထွက်လာမည့်အဖြေကို သက်ဆိုင်ရာ ကာယကံရှင်နှစ်ယောက်သာမက အများတကာကလည်း စိတ်ဝင်စားကြ၏။ အထူးသဖြင့် ဘဝတူ အပျိုလူပျိုများက ပိုသိချင်ကြသည်။ အပျိုမလေးများက နောက်မှသာ တစ်ဆင့်စကားဖြင့် သိနိုင်ကောင်း သိနိုင်ပါလိမ့်မည်။ ကာလသားတို့ကမူ သူတို့၏ဇာတ်လိုက်ကြီး အပြန်ကို စောင့်နေကြသည်။ အောင်နိုင်လာပါက အောင်ပွဲခံကြမည့်သူများလည်း ရှိမည်။ ရှုံးနိမ့်ပါက အစားဝင်ရန် ဟန်ပြင်နေကြသူများလည်း ရှိမည်။

 

စကားထာအဖြေပေးလိုက်သော ကိုလူပျိုကလည်း ရင်တမမနှင့်။ အပျိုမလေးက ကျေနပ်နှစ်သက်ပါလျှင် ကျောက်ပြင်ကိုယူပြီး အမွှေးနံ့သာသွေးသည်။ ကိုလူပျိုဝမ်းတွင်း ဘုရားပွဲလှည့်နေပြီ။ ပြီးတော့ မိန်းမငယ်က ကျောက်ပြင်ထိုးပေးကာ လိမ်းပါဟု ဆိုသည်။ ကိုလူပျိုက ပါးနှစ်ဖက်တွင် ကွက်လိုက်သည်။ နှုတ်ဆက်ကာ ရင်ကော့ ဆင်းလာခဲ့သည်။ ဝမ်းသာကြပါကုန်။ စိတ်လျှော့ကြပါကုန်။ သွားမပိုးလေနှင့်တော့။ လူပျိုလှည့်ပွဲမှာ အောင်ပွဲခံခဲ့ပြီ။

 

အပျိုမလေးက လက်ခံချစ်တုံ့ပြန်လိုက်သောကြောင့်တည်း။