မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု

၂၅  ဇူလိုင်

 

(၁၀)ကြိမ်မြောက် ဒေလီဆွေးနွေးပွဲ ((10th Delhi Dialogue-DDX) ကို နယူးဒေလီမြို့၌ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက The Research and Information System for Developing Countries (RIS) အဖွဲ့နှင့် ပူးပေါင်း၍ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ပါသည်။ ဒေလီဆွေးနွေးပွဲသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အိန္ဒိယနိုင်ငံတို့မှ နိုင်ငံရေးခေါင်းဆောင်များ၊ မူဝါဒချမှတ်သူများ၊ သုတေသီများ၊ ပညာရှင်များနှင့် စီးပွားရေးကဏ္ဍစုံမှ ခေါင်းဆောင်များတွေ့ဆုံ၍ အာဆီယံ-အိန္ဒိယ ဆက်ဆံရေးတိုးမြှင့်ရေးအတွက် ဖိုရမ်တစ်ခုအဖြစ် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ တွေ့ဆုံဆွေးနွေးရာ၌ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်မျိုးစုံအပေါ် ရှုထောင့်အမြင်တို့ကို ဖလှယ်ကြပါသည်။ (၁၀)ကြိမ်မြောက် ဒေလီဆွေးနွေးပွဲ၏ ဆောင်ပုဒ်သည် “အိန္ဒိယ-အာဆီယံ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး” ဖြစ်ပါသည်။

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံ၏ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းကို ထောက်ပြလျက် ပင်လယ်ပြင်ဆိုင်ရာလုပ်ငန်းများနှင့် ပင်လယ်ရေကြောင်း လုံခြုံရေးတို့အပေါ် နိုင်ငံတော်၏ အလေးအနက်ထားမှုကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဤပထဝီဝင် အနေအထားအပေါ် မူတည်လျက် ပြည်ထောင်စုဝန်ကြီးက ပင်လယ်ပြင်ဂေဟစနစ် ထိန်းသိမ်းရေးအတွက် သတင်းအချက်အလက် ဖလှယ်ခြင်း၊ အတွေ့အကြုံများ မျှဝေခြင်း၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စများဖြစ်သည့် တရားမဝင်ငါးဖမ်းမှု၊ ပင်လယ်ဓားပြမှု၊ လက်နက်နှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ကူးသန်းမှုများ နှိမ်နင်းရေးကိစ္စရပ်များတွင် အိန္ဒိယနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အလေးအနက်ထား လုပ်ဆောင်နေကြောင်း တင်ပြခဲ့ပါသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အနေဖြင့် အာဆီယံ-အိန္ဒိယ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မူဘောင်အောက်မှ ပူးပေါင်းဆောင်ရွက်နေသည်ကို မီးမောင်းထိုး တင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထားသည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှဒေသအား ပေါင်းကူးတံတားသဖွယ် ဆက်သွယ်ပေးထား သည်ဖြစ်၍ အိန္ဒိယ-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် အဝေးပြေးလမ်းမစီမံကိန်းနှင့် ကုလားတန်ဘက်စုံပို့ဆောင်ရေး စီမံကိန်းတို့အား သီလဝါအပါအဝင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်လိုက်မည်ဆိုပါက ဒေသတွင်းနိုင်ငံများ ရေကြောင်းဆက်သွယ်မှုကို ထူးခြားစွာ ပြောင်းလဲစေမည် ဖြစ်ပါသည်။ ဤသည်မှာ အိန္ဒိယ-အာဆီယံ ပင်လယ်ရေကြောင်း ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးအတွက် တိုးတက်ကောင်းမွန်သော ခြေလှမ်းများ ဖြစ်ပါသည်။ ထိုမျှမက မြန်မာနိုင်ငံသည် အိန္ဒိယကမ်းခြေနိုင်ငံများအသင်း (Indian-Ocean Rim Association- IORA)၏ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်တွင် ပါဝင်နိုင်ရန် ညှိနှိုင်းဆွေးနွေးလျက် ရှိပါသည်။အိန္ဒိယကမ်းခြေနိုင်ငံများအသင်း (IORA) သည် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်လျက်ရှိသော နိုင်ငံများဖြင့်ဖွဲ့စည်းထားသည့် နိုင်ငံတကာအဖွဲ့ အစည်းတစ်ရပ် ဖြစ်ပါသည်။ ဤအဖွဲ့သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အခြေခံလျက် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ကျစ်လျစ်ခိုင်မာစေသည့် အဖွဲ့အစည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံ-အိန္ဒိယ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မူဘောင်အောက်မှ ပို၍ပို၍ ခိုင်မာတောင့်တင်းလာမည်ဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါ သည်။ ။

 

မြန်မာ့အလင်း