မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူးအဆင့် အစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၁

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူးအဆင့် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် မောင်တောမြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် ထက်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ ဒေသကွပ်ကဲမှုဌာနချုပ် (ကော့စ်ဘဇ္ဇား)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် Najm-Us-Sakib ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များအနီး အဆောက်အဦ ဆောက်လုပ် မှုများဖျက်သိမ်းရေး၊ နယ်စပ်ဒေသအတွင်း အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့များလှုပ်ရှားနေမှု၊ ပစ်ခတ်မှု ဖြစ်စဉ်များစသည့် သတင်းများနှင့်စပ်လျဉ်း၍ အပြန်အလှန် သတင်းဖလှယ်ပေးရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်များအတွင်းနှင့် နယ်စပ်တစ်လျှောက် နတ်မြစ်ဖြတ်ကျော်သွားလာလှုပ်ရှား၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ ကျူးလွန်မှုများနှင့်ပတ်သက်၍ မြေပြင်သတင်းစုံစမ်းဖော်ထုတ်ရေးနှင့် တားဆီးနှိမ်နင်းရေး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ခြံစည်းရိုးအား တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုများကို ထိရောက် စွာတားဆီးပေးနိုင်ရေး၊ နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များအကြား ပူးတွဲကင်းလှည့်ရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့်ပတ်သက်၍ သတင်းအချက်အလက်ဖလှယ်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး (မောင်တော-တက္ကနာ့ဖ်) လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည်လေးစား မှုတို့ ပိုမိုဖြစ်ထွန်းနိုင်ရေးအတွက် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ၊ ယဉ်ကျေးမှုဖလှယ်မည့်ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ ပြုလုပ်နိုင်ရေး နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားရန်  ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် နှစ်ဖက်နယ်ခြားစောင့်တပ်ဖွဲ့ကိုယ်စားလှယ်များအကြား လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)