မြန်မာ-ဒူဘိုင်း နှစ်နိုင်ငံရဲအဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူကုန်ကူးခံရသည့်မြန်မာအမျိူးသမီး ၇ ဦးအား ကယ်တင်၍ မြန်မာနိုင်ငံသို့ခေါ်ယူပေးနိုင်ခဲ့

နေပြည်တော် စက်တင်ဘာ ၉

 

မြန်မာ-ဒူဘိုင်း နှစ်နိုင်ငံရဲအဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူကုန်ကူးသူ တရားခံအား ဖမ်းဆီး လွှဲပြောင်းပေးပြီး လူကုန်ကူးခံရသည့် မြန်မာအမျိူးသမီး ၇ ဦးအား ကယ်တင်၍ မြန်မာနိုင်ငံသို့ ခေါ်ယူပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် သတင်းများအရ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် အမြဲတမ်း နေထိုင်ခွင့်ဖြင့် နေထိုင်သည့် မြန်မာနိုင်ငံသားအဖွဲ့တစ်ဖွဲ့သည် “ဒူဘိုင်းတွင် လစာကောင်းကောင်းနှင့် အလုပ်ရမည်” ဟု မက်လုံးပေးစည်းရုံးကာ မြန်မာနိုင်ငံသား အမျိုးသမီးငယ်များကိုခေါ်ယူ ဒူဘိုင်းသို့ ရောက်ရှိသည့်အခါ “အီရန်၊ အီရတ်၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီ၊ ယီမင်၊ ဂျော်ဒန်နှင့် အိုမန်ဪ” နိုင်ငံများသို့ အတင်းအကြပ် စေလွှတ်ရောင်းစားမှုများပြုလုပ်နေကြောင်း သိရှိရသည့်အတွက် ဩဂုတ်လ ဆန်းမှစတင်ကာ လေ့လာစုံစမ်းမှုများ ပြုလုပ်ခဲ့သည်။

 

ဩဂုတ် ၂၅ ရက်တွင် မြန်မာအမျိုးသမီးအဖွဲ့တစ်ဖွဲ့က Facebook လူမှုကွန်ရက် စာမျက်နှာတွင် Live လွှင့်၍ “၎င်းတို့ ၇ ဦး ဒူဘိုင်းတွင် ဒုက္ခရောက်နေကြောင်း၊ မမေဖုန်း(ခ) မထက်ထက် (ခ) မကေသီမြင့်က ဒူဘိုင်းတွင် အိမ်အကူအလုပ်ရမည်၊ လစာကောင်းမည်ပြော၍ ခေါ်ယူခဲ့ရာ ၃ လကျော်ကြာသည်အထိ အလုပ်မရသေး ကြောင်း၊ ဒူဘိုင်းမြို့ရှိအမည်မသိနေရာရှိ အခန်းကျဉ်းတစ်ခုတွင်၎င်းတို့ ၇ ဦးအား ၁ လကျော်ပိတ်လှောင် ထားကြောင်း၊ ဒူဘိုင်းရောက်ရှိသည်မှစ၍ ၎င်းတို့၏ပတ်စပို့အားလုံးကိုလည်း မကေသီမြင့်က သိမ်းယူထား ကြောင်း၊ ပိတ်လှောင်ထားစဉ် တစ်ရက်ထမင်းတစ်နပ်သာ ပဲဟင်းရေကြဲဖြင့်ကျွေးကြောင်း၊ ယခုအခါ ၎င်းတို့အား အီရတ်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ အီရတ်တွင်အလုပ်လုပ် ရမည်ဟုပြောကြောင်း၊ အီရတ် မသွားလိုပါက မြန်မာငွေကျပ်သိန်းတစ်ရာပေးရမည်ဟု ခြိမ်းခြောက်တောင်းဆိုကြောင်း၊ ၎င်းတို့ ၇ ဦးသည် ပိတ်လှောင်ထားသည့် အခန်းကျဉ်းအားဖျက်၍ ထွက်ပြေးလာပြီး ယခုအခါမြန်မာနိုင်ငံသား တစ်ဦး၏ အကူအညီဖြင့် လမ်းဘေးအခန်းကျဉ်းတစ်ခုကို ၁၀ ရက်စာ အခပေး၍ဌားနေရကြောင်း၊ ၎င်းတို့တွင် စားစရာမရှိ၊ သွားစရာမရှိ မကေသီမြင့်ကထပ်မံ၍ ဒုက္ခပေးမည်ကိုလည်း ကြောက်ရွံ့၍ ပုန်းအောင်း နေရကြောင်း၊ ယခု Live ကိုတွေ့ရှိသူများအနေဖြင့် ကူညီပေးကြပါရန်” ငိုကြွေး၍ အကူအညီ တောင်းခံမှုကို တွေ့ရှိခဲ့သည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် အဆိုပါ Live လွှင့်တင်ထားမှုအား တွေ့ရှိသည့် ဩဂုတ်လ ၂၅ ရက်နေ့ ည ၆ နာရီမှ စတင်ကာ Facebook Live ၏ အရင်းအမြစ်ကို ရှာဖွေခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် အင်တာနက်မှရှာဖွေ စိစစ်ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဩဂုတ်၂၆ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်အချိန်တွင် ဒူဘိုင်းတွင် ဒုက္ခရောက်နေသော မြန်မာအမျိုးသမီး ၇ ဦးနှင့် Messenger မှ ဆက်သွယ်မှု စတင်ရရှိခဲ့သည်။ ၎င်းတို့ ၇ ဦး ဒူဘိုင်းတွင် ခိုအောင်းနေသည့် နေရာအား မေးမြန်းရာတွင်လည်း မသိရှိသဖြင့် Google Map ဖြင့် ရှာဖွေစိစစ်နိုင်ရေး တယ်လီဖုန်းမှ လုပ်နည်းပြောပြ၍ ဆောင်ရွက်စေခဲ့ရာ ယင်းနေ့ ည ၈ နာရီတွင် ၎င်းတို့ ၇ ဦး ခိုအောင်းသည့်နေရာအား သိရှိခဲ့ရသည်။

 

၎င်းတို့ ၇ ဦးဖြစ်စဉ်အသေးစိတ်ကို Online မှ တစ်ဆင့် မေးမြန်းစိစစ်ရာ တရားခံကေသီမြင့်သည် မြန်မာနိုင်ငံသား အမျိုးသမီးများကို ပြည်ပနိုင်ငံများသို့ စည်းရုံးခေါ်ယူ၍ တရားမဝင် အလုပ်အကိုင်ရှာပေးခြင်း၊ တတိယနိုင်ငံများသို့ထပ်မံပို့ဆောင်ရောင်းစားခြင်း၊ ၎င်းစီစဉ်မှုကို လက်မခံလျှင် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ လျော်ကြေးငွေတောင်းခံခြင်း၊ အလုပ်ရလျင်လည်း ၃ လစာ၊ ၆ လစာဖြတ်ယူခြင်းများပြုလုပ် လျှက်ရှိကြောင်း စုံစမ်းရရှိသဖြင့် ၎င်းကျူးလွန်သော ပြစ်မှုများအတွက် ရန်ကုန်မြို့၊ တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်ကာ အသေးစိတ် စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဩဂုတ် ၂၆ ရက် နေ့လယ်ပိုင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ ဒူဘိုင်း ရဲဌာနချုပ်နှင့် အမျိုးသမီး ၇ ဦး ခိုအောင်းနေသည့် နယ်မြေရှိ ဒူဘိုင်းမြို့ Naif ရဲစခန်းသို့ အကြောင်းကြားခြင်း၊ အင်တာပိုလ်ရဲအဖွဲ့သို့ သတင်းဖလှယ် ဆက်သွယ်ခြင်းများကို တစ်ဆက်တည်းဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းဖလှယ်အကူအညီ တောင်းခံမှုအရ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူ အမျိုးသမီး ၇ ဦးအား ဩဂုတ် ၂၆ ရက်တွင် ဒူဘိုင်းရဲအဖွဲ့၏ စီစဉ်ပေးမှုဖြင့်  လုံခြုံစိတ်ချရသည့် ဒူဘိုင်းအမျိုးသမီးစောင့်ရှောက်ရေး ဂေဟာသို့ ပို့ဆောင်စောင့်ရှောက်ထားရှိနိုင်ခဲ့သည်။

 

သတင်းကွင်းဆက်များ ဆက်လက်ဖော်ထုတ်မှုအရ မြန်မာအမျိုးသမီးများကို စည်းရုံးခေါ်ယူ ဒူဘိုင်းရှိ ကေသီမြင့်ထံသို့ ပို့ဆောင်ပေးနေသော မြန်မာနိုင်ငံမှ မီးမီး(ခ)နော်သောစေးအား ဩဂုတ် ၂၆ ရက်တွင် လည်းကောင်း၊ မဆွေဆွေမြင့် (ခ) အသေးလေးအား ဩဂုတ် ၂၉ ရက်တွင် လည်းကောင်း တာမွေမြို့မရဲစခန်းမှ ဖမ်းဆီးနိုင်ခဲ့သည်။

 

ရရှိသည့်သတင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒူဘိုင်းရဲဌာနချုပ်နှင့် အင်တာပိုလ် NCB(အဘူဒါဘီ)သို့ အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ်ပေးပြီး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခဲ့ရာ သတင်းရရှိသည်မှ ၂၄ နာရီအတွင်းဖြစ်သည့် ဩဂုတ် ၃၀ ရက်၌ တရားခံ ကေသီမြင့်အား ဒူဘိုင်းရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ကေသီမြင့်သည် လူကုန်ကူးမှုကျူးလွန်သည့် တရားခံပြေးဖြစ်ကြောင်း ဩဂုတ် ၃၁ ရက်တွင် အင်တာပိုလ်က Red Notice ထုတ်ပြန်နိုင်ခဲ့သည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အင်တာပိုလ်ရဲအဖွဲ့၊ ဒူဘိုင်းရဲအဖွဲ့ဌာနချုပ် အင်တာပိုလ်(အဘူဒါဘီ)တို့နှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်းကောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ရိယာဒ်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ ကိုယ်စားလှယ်၏ ကူညီပေးမှုဖြင့်လည်းကောင်း လူကုန်ကူးသူ တရားခံကေသီမြင့်နှင့် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးငယ် ၇ ဦး တို့အား နိုင်ငံတော်မှ စရိတ်ကျခံမှုဖြင့် ခေါ်ယူခဲ့ရာ စက်တင်ဘာ ၈ ရက်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း  UB-9502 ဖြင့် ဒူဘိုင်းမှ ဒေသစံတော်ချိန် ည ၉ နာရီ ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယနေ့နံနက် ၄ နာရီခွဲတွင် ပြန်လည်ရောက်ရှိခဲ့ပြီး ၎င်းတို့အား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြ သည်။

 

တရားခံကေသီမြင့်သည် ၂၀၂၁ခုနှစ်၊ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသား အမျိုးသမီးများစွာကို ဒူဘိုင်းသို့ခေါ်ယူ၍ တရားမဝင်အလုပ်အကိုင် ရှာဖွေပေးမှုများ ဆောင်ရွက်ခြင်း၊ တတိယ နိုင်ငံများသို့ ခြိမ်းခြောက်စေလွှတ်ရောင်းစားခြင်း၊ လျော်ကြေးငွေနှင့် လုပ်ခလစာများ ခေါင်းပုံဖြတ်ရယူခြင်းတို့ဖြင့် လူကုန်ကူးပြစ်မှုကျူးလွန်နေသူဖြစ်၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းနှင့် ဆက်စပ်ပူးပေါင်းကာ လူကုန်ကူးမှုကျူးလွန်သူများ၊ အားပေးကူညီသူများ၊ တရားမဝင်အလုပ်အကိုင်ရှာဖွေ ဆောင်ရွက်ပေးနေသည့်အဖွဲ့များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိသည်။

 

ယခုအခါ ဒူဘိုင်းတွင် လူကုန်ကူးခံရ၍ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသူ အမျိုးသမီး ၇ ဦးအား ကယ်တင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကာ ၎င်းတို့ ၇ ဦးအား အမှုနှင့်ပတ်သက်သည့် လိုအပ်သည့်မေးမြန်းမှုများ ဆောင်ရွက်ပြီးပါက မိဘဆွေမျိုးများထံ စနစ်တကျ အပ်နှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)