ရန်ကုန် ဇွန် ၁၇

 

မြန်မာ-ကမ္ဘောဒီးယား-ထိုင်း သုံးနိုင်ငံ လေကြောင်းလိုင်းများ တိုက်ရိုက်ပြေးဆွဲပါက မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှု တိုးတက်လာနိုင်ကြောင်း မဲခေါင်ခရီးသွား လုပ်ငန်းဖိုရမ် ဆွေးနွေးမှုများအရ သိရသည်။

 

မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့မှ အမျိုးသားခရီးသွားလုပ်ငန်း တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်တက်ရောက် ဆွေးနွေးကြသည့် မဲခေါင်ခရီးသွား လုပ်ငန်းဖိုရမ်ကို ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပလျက်ရှိသည်။

 

“မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးဖို့ဆိုရင် ခရီးသွားဝင်ရောက်မှုများတဲ့ နိုင်ငံတွေနဲ့ တိုက်ရိုက် လေကြောင်းပြေးဆွဲမှု လိုပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ တိုက်ရိုက်ခရီးစဉ် သယ်ယူ ပို့ဆောင်နိုင်ဖို့ ကြိုးပမ်းနေတာ ရှိပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ အန်ကောဝပ် ဘုရားကျောင်းကို နှစ်စဉ် ခရီးသွား ငါးသန်းနီးပါး ဝင်ရောက်နေတဲ့အတွက် အဲဒီကနေ မြန်မာနိုင်ငံကို တိုက်ရိုက် လေကြောင်းလိုင်း ရှိမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အသည်းနှလုံး ပုဂံ အပါအဝင် အခြားခရီးသွားဒေသတွေကို ခရီးသွားတစ်ဖွဲဖွဲ ဝင်ရောက်လာမှာပါ။ အဲဒီအစီအစဉ်ကို မြန်မာ - ကမ္ဘောဒီးယား - ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်း ရေရှည်ဖွံ့ဖြိုးလာမှုကို အထောက်အပံ့ဖြစ်စေမှာပါ” ဟု မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။

 

မျှော်လင့်လျက်ရှိ

 

မြန်မာ - ကမ္ဘောဒီးယား - ထိုင်း သုံးနိုင်ငံသည် နိုင်ငံချင်းဆက်စပ် တည်ရှိပြီး ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဆက်နွှယ်မှုတို့ကြောင့် နိုင်ငံတကာ ခရီးသွားများ စိတ်ဝင်စားမှုများသည့် ခရီးစဉ်ဒေသများဖြစ်သည့် အတွက် ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ခရီးသွားအေဂျင်စီများက သုံးနိုင်ငံလေကြောင်း လိုင်းများ တိုက်ရိုက်ပြေးဆွဲနိုင်ရေးကို မျှော်လင့်လျက်ရှိကြောင်း သိရသည်။

 

သတင်း - သစ္စာ(mna)

ဓာတ်ပုံ - ဇွဲမာန်