မြန်မာ MMA ဖိုက်တာ ဂျိုရှုအာဗန် UFC မှ စီစဉ်သည့် တတိယပွဲစဉ် ထိုးသတ်မည်

 

ရန်ကုန်၊ ဇန်နဝါရီ ၉

 

နာမည်ကြီးတိုက်ခိုက်ရေး အဖွဲ့အစည်းဖြစ်သော UFC နှင့် လက်တွဲထားသည့် မြန်မာ MMA ဖိုက်တာ ဂျိုရှုအာဗန်သည် တတိယပွဲစဉ် ထိုးသတ်ရမည်ဖြစ်ပြီး ဘရာဇီးနိုင်ငံသား ဖိလစ်ပီဘူနက်စ်နှင့် ထိုးသတ် မည်ဖြစ်သည်။

 

ဂျိုရှုအာဗန်သည် ၂၀၂၃ ခုနှစ်မှစတင်ကာ UFC နှင့် လက်တွဲခဲ့သည့် ပထမဆုံးနှစ်တွင် နှစ်ပွဲထိုးသတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ပထမဆုံးပွဲအဖြစ် ဇန်နဝါရီ ၁၃ ရက်(ဇန်နဝါရီ ၁၄ ရက် မြန်မာစံတော်ချိန် နံနက်အစောပိုင်း) တွင် ကျင်းပမည့် UFC Fight Night ပြိုင်ပွဲ၌ ထိုးသတ်ရမည်ဖြစ်သည်။

 

ဖိလစ်ပီဘူနက်စ်သည် MMA ပွဲ စုစုပေါင်းပွဲ ၂၀ နီးပါး ထိုးသတ်ထားသူဖြစ်ပြီး ၁၃ ပွဲနိုင်၊ ခြောက်ပွဲရှုံးနိမ့်ထားသည်။ ဂျိုရှုအာဗန်သည် UFC နှင့် လက်တွဲအပြီး  နှစ်ပွဲစလုံး အနိုင်ရထားရာ စိန်ခေါ်ပွဲများတွင် နိုင်ပွဲများ ဆက်တိုက် ရယူနိုင်ပါက  ၎င်းထိုးသတ်နေသည့် ဖလိုင်းဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်နိုင်သည့် အခွင့်အရေး ရလာဖွယ်ရှိနေသည်။

 

ဂျိုရှုအာဗန်သည် UFC နှင့် လက်တွဲပြီး ပထမဆုံးပွဲအဖြစ် ကာဇက်စတန်နိုင်ငံသား ရှုမာဂူလော့ဗ်နှင့်  ထိုးသတ်ရာ အမှတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲအဖြစ် ပီရူးနိုင်ငံသား ကီဗင်ဘိုးဟို့စ်နှင့်  ယှဉ်ပြိုင်ထိုးသတ်ရာ အမှတ်ဖြင့်လည်းကောင်း အနိုင်ရခဲ့သည်။ ၂၀၂၁ ခုနှစ်တွင်  ပရော်ဖက်ရှင်နယ်  ကစားသမားအဖြစ် ရပ်တည်လာသည့် ဂျိုရှုအာဗန်သည် ၁၀ ပွဲထိုးသတ်ရာတွင် ကိုးပွဲအထိ အနိုင်ရထားသည်။

 

သတင်း-ကိုညီလေး

ဓာတ်ပုံ-ဂျိုရှုအာဗန် Facebook