မြန်မာ၊ မွန်တီနီဂရိုး၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားတို့ပါဝင်မည့် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲ  မန္တလေး၌ ကျင်းပမည်

မန္တလေး ၂၂ ဇူလိုင်


ဥရောပနှင့် အာရှအသင်းများ ပါဝင်သည့် ယူ-၁၆ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဥရောပ ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံး အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဒေသတွင်း လူငယ်ဘောလုံးလောက ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)သည် ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)၏ AFC - UEFA Assist Program ဖြင့် ယခုပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။ ယခုပြိုင်ပွဲမှာ ဥရောပဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ၌ ပထမဆုံးကျင်းပသည့်ပြိုင်ပွဲဖြစ်သည်။ International U-16 Boys Tournament 2019 (AFC-UEFA Assist Program) အနေဖြင့် ကျင်းပမည့် အဆိုပါ လူငယ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဥရောပအသင်းတစ်သင်းဖြစ်သည့် မွန်တီနီဂရိုး ယူ၁၆ အသင်းနှင့် အာရှဒေသမှ အိမ်ရှင် မြန်မာ ယူ၁၆၊ တောင်ကိုရီးယား ယူ၁၆၊ အင်ဒိုနီးရှား ယူ၁၆ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။


ပြိုင်ပွဲကို လေးသင်းပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး တစ်နေ့နှစ်ပွဲနှုန်းဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စုပွဲအဖြစ် သြဂုတ် ၁၄ ရက်တွင် မြန်မာနှင့် အင်ဒိုနီးရှား၊ တောင်ကိုရီးယားနှင့် မွန်တီနီဂရိုး၊ သြဂုတ် ၁၆ ရက်တွင် မြန်မာနှင့် တောင်ကိုရီးယား၊ မွန်တီနီဂရိုးနှင့် အင်ဒိုနီးရှား၊ သြဂုတ် ၁၈ ရက်တွင် မြန်မာနှင့် မွန်တီနီဂရိုး၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


မြန်မာအသင်းသည် ယင်းပြိုင်ပွဲကို လက်ရှိဖွဲ့စည်းထားသည့် ယူ-၁၅ အသင်းဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား တော်စတန်ဖရန့်ခ်က ကိုင်တွယ်မည်ဖြစ်သည်။ မြန်မာယူ-၁၅ အသင်းသည် ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့် အာဆီယံ ယူ-၁၅ ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲအပြီး ရက်ပိုင်းအကြာတွင် ယခုပြိုင်ပွဲ ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-စိုးညွန့်