မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲ ဆက်လက် ကျင်းပ

နေပြည်တော် ၂၈ မေ

မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲကို မေ ၂၅ ရက်မှ ၂၈ ရက်အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် (၄) ရက်ကြာ ကျင်းပရာ ယနေ့တွင် ကုန်စည်ပြပွဲနောက်ဆုံးနေ့အဖြစ် ပြခန်းများကို ဆက်လက်ခင်းကျင်းပြသသည်။

အဆိုပါကုန်စည်ပြပွဲ၌ လာရောက်ပြသကြသည့် နှစ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ/ ကုမ္ပဏီများအကြား ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ နားလည်မှုစာချွန်လွှာနှင့် ကုန်သွယ်မှုသဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်း တို့ကိုလည်း နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။

ယနေ့ မွန်းလွဲပိုင်းတွင် AJ Myanmar  Co., Ltd နှင့် Shenyang Tianfeng Bio-Pharm Co., Ltd တို့အကြား ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လည်းကောင်း၊ Yoma Bank Limited၊ Fully Light Group of Companies နှင့် Kokang Ethnic Entrepreneurs Association Incorporated (KKEEA) တို့အကြား ဘဏ်ငွေပေးချေမှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကိုလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ကုန်စည်ပြပွဲသို့ နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ ဝန်ထမ်းများနှင့်  အများပြည်သူများ စိတ်ဝင်တစားလာရောက်ကြည့်ရှုခဲ့ကြရာ စည်ကားလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်