မြန်မာ- ရုရှား စိန်ရတုသံတမန်ဆက်ဆံရေး

မျိုးငြိမ်းငယ်

မြန်မာ- ရုရှားဆက်ဆံရေး တည်ထောင်ခဲ့သည်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် စိန်ရတုသို့ပင်ရောက်ရှိပြီ ဖြစ်သည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကို ၁၉၄၇ ခုနှစ် မတ် ၁၇ ရက်တွင် စတင်တည်ထောင်ခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးများကို ထူထောင်ခဲ့ပါသည်။
 
ရုရှားနိုင်ငံ (ယင်းအချိန်က ဆိုဗီယက် ပြည်ထောင်စု) သည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်သွယ်ရေး အစောဆုံး တည်ထောင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ရုရှားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစကာ နှစ်နိုင်ငံစလုံးက အပြန်အလှန် ဆက်ဆံရေးကို ထိန်းသိမ်းမြှင့်တင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးတွင် ရုရှားနိုင်ငံသည် ဆဋ္ဌမမြောက်နိုင်ငံ ဖြစ်ပါသည်။ မြန်မာနှင့် ရုရှားနိုင်ငံတို့သည် ပထဝီအနေအထားအရ သမုဒ္ဒရာများနှင့် တိုက်ကြီးများဖြင့်ခြားထားသော်လည်း နှစ်နိုင်ငံ အပြန်အလှန်နားလည်မှု၊ စီးပွားရေးအခွင့်အလမ်းနှင့် မဟာဗျူဟာဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအပေါ် အခြေခံ၍ နီးကပ်သော ဆက်ဆံရေး တည်ဆောက်ခဲ့ကြသည်မှာ စိန်ရတုပင်တိုင်ပြီ ဖြစ်သည်။

မြန်မာမင်းများလက်ထက် သံတမန် ဆက်သွယ်ရေးကြိုးပမ်းမှု

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ကူးလူးဆက်ဆံမှုသည် ၁၅ ရာစုကပင် စတင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါသည်။ ၁၅ ရာစု ရုရှားခရီးသွား အဖာနာဆီနီကီတင်၏ ပင်လယ်သုံးစင်း ခြေကျင်သွားခြင်းမှတ်တမ်းတွင် မြန်မာ နိုင်ငံအောက်ပိုင်း ပဲခူးနယ်ကြီးအကြောင်း ပါဝင်ကြောင်း မလှကျော့၏ ဇာဘုရင် လက်ထက် ရုရှား- မြန်မာဆက်ဆံရေး သမိုင်းအကျဉ်း ၁၉ ရာစုစာတမ်းတွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် မလှကျော့၏ စာတမ်းတွင် မင်းတုန်းမင်းလက်ထက် ၁၈၇၃ ခုနှစ်တွင် မင်းတုန်းမင်းသည် ရုရှားခရီးသွားတစ်ယောက်မှတစ်ဆင့် ရုရှားနှင့် သံတမန်ဆက်သွယ်ရန်အတွက် စာချွန်လွှာအား စိန့်ပီတာစဘတ်မြို့သို့ပေးပို့ခဲ့ကြောင်း၊ ၁၈၇၄ ခုနှစ်တွင် ပါရှား (အီရန်)သို့ မြန်မာသံအဖွဲ့ရောက်ရှိလာပြီး ရုရှားနှင့်ဆက်ဆံရေး ထူထောင်ရန် ကြိုးစားခဲ့ကြောင်း ဖော်ပြထားသည်။ 

၁၈၇၅ ခုနှစ်တွင် ရုရှားနှင့်ဆက်ဆံရေး ထူထောင်လိုကြောင်း ကင်းဝန်မင်းကြီးက အလဇန္ဒား ဂါရ်ချာ ကော့်ဗ်ထံသို့ (၎င်းလက်မှတ်ပါရှိသည့်) စာချွန်လွှာဆက်သခဲ့ကြောင်း၊ ထိုစာချွန်လွှာတွင် ရုရှားအင်ပါယာနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးထူထောင်လို သည့် မြန်မာဘုရင်၏ဆန္ဒကို ဖော်ပြရေးသားထားကြောင်း၊ အလဇန္ဒားဂါရ် ချာကော့်ဗ်၏ ပြန်စာတွင် ဧကရာဇ်ဘုရင် အလက်ဇန္ဒား (၂) ထံ စာချွန်လွှာပါ အကြောင်းအရာများကို လျှောက်ထား တင်ပြခဲ့ကြောင်း အကြောင်းပြန်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် နှစ်ပေါင်း ၇၀ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် ၂၀၁၈ ဖေဖော်ဝါရီ ၁၇ ရက်က ရေးသား ဖော်ပြခဲ့သည်။ 

၁၈၇၆ ခုနှစ်တွင် ရုရှားနိုင်ငံ၏ သံတမန်ဖြစ်သူ အရှေ့တိုင်းဘာသာ ဗေဒပညာရှင် ပီတာပါရှီနိုသည် မြန်မာပြည်သို့ လာရောက်လည်ပတ်ခဲ့သည်။ ၎င်းက ရုရှားအစိုးရထံ အစီရင်ခံရာတွင် မင်းတုန်းမင်းသည် မဟာပီတာဘုရင်အကြောင်း စိတ်ဝင်တစား လေ့လာလိုကြောင်း၊ မြန်မာ့နန်းတွင်း မင်းမှုထမ်း မြန်မာလူငယ်များကို ရုရှားနိုင်ငံ စစ်ဘက်ကာကွယ်ရေး အဖွဲ့အစည်းများတွင် စစ်ပညာသင်ကြားရန် စေလွှတ်လိုကြောင်း ဖော်ပြထားပြီး ယင်းအစီရင်ခံစာကို ထိုစဉ်အခါက နိုင်ငံခြားရေးဝန်ကြီး အလဇန္ဒားဂါရ်ချာကော့်ဗ်ထံ လိပ်မူ၍ တစ်စောင်၊ စစ်ဘက်ရေးရာ ကာကွယ်ရေးဝန်ကြီး ဒမီသရီမီလျု့ကျင်န်ထံ လိပ်မူ၍ တစ်စောင်ကို ပီတာပါရှီနိုမှတစ်ဆင့် စာချွန်တော်သဝဏ်လွှာ နှစ်စောင်ကို ပေးပို့ခဲ့သည်ဟု ဖော်ပြထားပါသည်။ သို့သော်လည်း ထိုအစီအစဉ်အား လက်တွေ့အကောင်အထည်ဖော်နိုင်သည်ကို မတွေ့ရချေ။
 
ထို့ပြင် ၁၈၇၇ ခုနှစ်နှင့် ၁၈၇၈ ဥရောပသို့ မင်းတုန်းမင်းစေလွှတ်ခဲ့သည့် ခရီးစဉ်များတွင်လည်း ရုရှားနှင့် သံအဆက်အသွယ်ရရန် ထပ်မံကြိုးစားခဲ့သည်ကို တွေ့ရပါသည်။ ပြင်သစ်သို့ ရောက်ရှိနေသည့် ဖန်ချက်ဝန် ဦးရွှေအိုးနှင့် ရုရှား ဓာတုဗေဒပညာရှင် မင်ဒီလိတို့ ပဲရစ်တွင် တွေ့ဆုံခဲ့ကြကြောင်း၊ ယင်းနောက် ရုရှားအိမ်ရှေ့စံ နီကိုလိုင် အလက်ဇန္ဒားဆီသို့ မင်ဒီလိ ကိုယ်တိုင်စာရေး၍ ဘုရင်ထံတင်ပြပေးရန် တောင်းဆိုခဲ့ကြောင်း ဒေါက်တာမျိုးသန့် တင်၏ ကုန်းဘောင်ခေတ် မြန်မာ့သိပ္ပံ ပညာရှင်များစာအုပ်တွင် ရေးသားထားသည်ကို တွေ့ရပါသည်။ 

မြန်မာနိုင်ငံသည် ဗြိတိသျှအောက် မကျမီ ၁၈၈၅ ကလည်း ပဲရစ်တွင် မြန်မာသံအဖွဲ့နှင့် ရုရှားသံအမတ်တွေ့ဆုံခဲ့ပြီး သံတမန်ဆက်သွယ်ရန် ကြိုးစားခဲ့ကြပါသည်။ ရုရှားနှင့် သံတမန်ဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းသည့်အချိန်သည် မြန်မာနိုင်ငံအား  အင်္ဂလိပ်တို့က ကျူးကျော်စစ် နှစ်ကြိမ်ဆင်နွှဲ၍ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ထားပြီးသည့် အချိန်ဖြစ်နေရာ ရုရှားနိုင်ငံနှင့်သံတမန် ဆက်ဆံရေးထူထောင်ရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုအောင်မြင်ခဲ့သည်ကို မတွေ့ရသော်လည်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ဆက်သွယ်မှုများ ရှေးယခင်ကပင်ရှိခဲ့သည်ကို တွေ့ရပါသည်။    

သံတမန်ဆက်ဆံရေးထူထောင်မှု

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ ယင်းနောက် ကမ္ဘာ့နိုင်ငံများနှင့် သံတမန် ဆက်သွယ်ရေးကို တည်ထောင်ခဲ့ပါသည်။ ယင်းအချိန်သည် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက်ပိုင်း စတင်ခဲ့သော အရှေ့နှင့် အနောက် စစ်အေးတိုက်ပွဲကြောင့် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင် ပြိုင်ဆိုင်မှုများ ပြင်းထန်နေချိန် ဖြစ်ပါသည်။ 

ကမ္ဘာ့စစ်အေးတိုက်ပွဲ၏ အစောပိုင်း ကာလမှာပင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီး ယင်းအချိန်က မြန်မာနိုင်ငံအနေဖြင့် သံတမန်ဆက်ဆံရေးကို အရှေ့နှင့် အနောက် မျှတစွာဆက်ဆံခဲ့ပါသည်။ အနောက်အုပ်စုမှ ဗြိတိန်၊ အမေရိကန် နိုင်ငံတို့နှင့် ဆက်ဆံရေးထူထောင်သကဲ့သို့ အရှေ့အုပ်စုမှ ဆိုဗီယက် ပြည်ထောင်စု၊ တရုတ်တို့နှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ သံတမန် ဆက်ဆံရေးထူထောင်ပြီး ၁၉၅၅ ခုနှစ်တွင် မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ပထမဆုံး အဆင့်မြင့်ခရီးစဉ် အပြန်အလှန် သွားရောက်ခဲ့ကြပါသည်။ 

၁၉၅၅ ခုနှစ် အောက်တိုဘာလနှင့် နို၀င်ဘာလတွင် ဝန်ကြီးချုပ်ဦးနုသည် ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် ဆိုဗီယက် ခေါင်းဆောင်များဖြစ်သော နီကီတာ ခရူရှပ်ဗ်နှင့် နီကိုလိုင်းဘူလ်ဂါနင်တို့ ဦးဆောင်သော ဆိုဗီယက်ပြည်ထောင်စု ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြသည်။ 
ဆိုဗီယက်ဝန်ကြီးချုပ် နီကီတာ ခရူရှပ်ဗ်သည် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ လတွင် ရန်ကုန်မြို့သို့ နောက်ထပ်တစ်ကြိမ် ထပ်မံအလည်အပတ် လာရောက်ခဲ့ပါသည်။ ယင်းခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အပြန်အလှန် အကျိုးရှိသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထူထောင်ခဲ့ကြပါသည်။

၁၉၅၇ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ  ဆန်တင်ပို့ပေးမှုအတွက် ဆိုဗီယက်ယူနီယံသည် ရန်ကုန်နည်းပညာတက္ကသိုလ်၊ တောင်ကြီးမြို့ရှိ အထွေထွေရောဂါကု ဆေးရုံနှင့် ရန်ကုန်ရှိ အင်းလျားလိတ်ဟိုတယ်တို့ အပါအဝင် ဆောက်လုပ်ရေး စီမံကိန်းများစွာကို ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ပြင် ၁၉၆၇ ခုနှစ်တွင် ကြက်မောက်တောင် ရေလှောင်တမံကိုလည်း  ဆိုဗီယက်ပြည်ထောင်စုမှ ဆောက်လုပ်ပေးခဲ့ပါသည်။ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် အားကစားဖလှယ်မှုများ ပြုလုပ်ခဲ့ကြပြီး ဂီတနှင့် အကအဖွဲ့များ၊ အားကစား ကိုယ်စားလှယ်အဖွဲ့များကိုလည်း အပြန်အလှန် စေလွှတ်ခဲ့ကြပါသည်။

သို့သော်လည်း ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် မြန်မာ- ရုရှား ဆက်ဆံရေးမှာ လျော့နည်းသွားခဲ့သည်။ ထိုအချိန်က ရုရှားဖက်ဒရေး ရှင်းသည် ပြည်တွင်းအသွင်ကူးပြောင်းရေးများကို ပိုမိုအာရုံစိုက်နေရသည့်အတွက် အလှမ်းဝေးသည့် နိုင်ငံများနှင့် ဆက်ဆံရေးများ လျော့ကျခဲ့သည်ကို တွေ့ရသည်။ ရုရှားနိုင်ငံ၏ အခြေအနေများ တိုးတက်လာသည်နှင့် နှစ်နိုင်ငံဆက်ဆံရေးများ ပြန်လည်ကောင်းမွန် လာခဲ့ပါသည်။  မြန်မာနိုင်ငံသည် ဆိုဗီယက်နိုင်ငံပြိုကွဲပြီးနောက် ရုရှားနိုင်ငံကို ဆိုဗီယက်နိုင်ငံအား ဆက်ခံသူအဖြစ် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် အသိအမှတ်ပြုခဲ့ပါသည်။

ပူးပေါင်းဆောင်ရွက်မှု 

မြန်မာနှင့် ရုရှားနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ပြီး နောက်ပိုင်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြပါသည်။ ထိုပူးပေါင်း ဆောင်ရွက်မှုများတွင် စီးပွားရေး၊ ပညာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ စစ်ရေး စသည့်နယ်ပယ် များစွာရှိခဲ့ပါသည်။ မြန်မာနှင့် ရုရှား နိုင်ငံတို့သည် ကမ္ဘာ့ပြဿနာများနှင့် ပတ်သက်၍ ရပ်တည်ချက်တူညီခဲ့ကြပြီး နိုင်ငံတကာရေးရာ ကိစ္စများတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား အပြန်အလှန် ပံ့ပိုးကူညီမှုများ အစဉ်အဆက်ရှိခဲ့ကြပါသည်။ 

၂၀၀၉-၂၀၁၂ တွင် မြန်မာနိုင်ငံသည် ရုရှား- အာဆီယံဆွေးနွေးဖက် ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် မြန်မာ- ရုရှားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး  လုပ်ဆောင်ရာတွင် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် ( an Agreement on Cultural Cooperation )၊ ချစ်ကြည်စွာ ဆက်ဆံရေး အခြေခံများဆိုင်ရာ ကြေညာချက် (a Declaration on the Foun-dations of Friendly Relations)၊ သံတမန်ရေးနှင့် ဝန်ဆောင်မှု နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာဖျက်သိမ်းရေးဆိုင်ရာ သဘောတူညီချက် (an Agreement on the Abolition of Visas for Holders of Diplomatic and Service Passports)၊ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် (ပြည်ထဲရေးဝန်ကြီးဌာန၊ သဘာဝသယံဇာတ၊ ယဉ်ကျေးမှုနှင့် အခြား ဝန်ကြီးဌာနများအကြား) ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍပေါင်းစုံ သဘော တူညီချက်များ (an Agreement on Military-Technical Cooperation and a number of interdepartmental agreements on cooperation (bet-ween the Ministries of Internal Affairs, Natural Resources, Culture and others)) တို့အပြင် နှစ်နိုင်ငံ အကြား အခြားသဘောတူညီချက်များကိုလည်း လုပ်ဆောင်နိုင်ခဲ့ကြသည်။ 

ပညာရေး နယ်ပယ်တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများစွာ တိုးမြှင့်ခဲ့ပါသည်။ ၁၉၆ဝ ပြည့်လွန်နှစ်များအတွင်း ရုရှားနိုင်ငံသို့ မြန်မာကျောင်းသားအများအပြား ပညာသင်စေလွှတ်ခဲ့ပြီး ရုရှားဆရာများလည်း မြန်မာကျောင်းများသို့ လာရောက်သင်ကြားမှု ပိုမိုများပြားခဲ့ပါသည်။ ၂၀၀၁ ခုနှစ်မှစတင်၍ မြန်မာ ကျောင်းသားများနှင့် ဘွဲ့လွန်ကျောင်းသား ၄၀၀၀ ခန့် ရုရှားတက္ကသိုလ်များတွင် ပညာသင်ကြားခွင့် ရရှိခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် Rossotrudnichestvo ပညာသင်ဆု အစီအစဉ်အရ မြန်မာနိုင်ငံမှ လူငယ်များအတွက် အစိုးရပညာသင်ဆုများ ပေးအပ်ခဲ့ပါသည်။ ယနေ့ထက်တိုင်လည်း မြန်မာနိုင်ငံမှ ကျောင်းသားများသည် ရုရှားနိုင်ငံတွင် သင်ကြားလျက်ရှိကြပါသည်။

အခြား ပူးပေါင်းလုပ်ဆောင်မှုများတွင် မြန်မာနိုင်ငံသည် ရုရှားထံမှ ရေနံ တင်သွင်းရောင်းချရေးနှင့် စွမ်းအင်ကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် ရုရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေး ဖိုရမ်ကာလအတွင်း မြန်မာနိုင်ငံဘက်မှ ဖိတ်ခေါ်ခဲ့သည်။ ယင်းဖိုရမ်အတွင်း မြန်မာ- ရုရှားနှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နှစ်နိုင်ငံအကြား ဆွေးနွေးခဲ့ကြပါသည်။ 

နှစ်နိုင်ငံအကြား  ကုန်သွယ်မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အထိ တိုးတက်ရန် ရည်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရပါသည်။ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်က နေပြည်တော်တွင် ကျင်းပသည့် မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်ရေး အစည်းအဝေးတွင် မြန်မာ့ပို့ကုန်များ ရုရှားနိုင်ငံဈေးကွက်သို့ မဟာဗျူဟာကျကျ ထိုးဖောက်နိုင်ရေး ကြိုးပမ်းနေသည်ကိုလည်း တွေ့ရပါသည်။

နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ရုရှား- မြန်မာ ချစ်ကြည်ရေးအသင်းနှင့် မြန်မာ- ရုရှား စီးပွားရေး ဖွံ့ဖြိုးမှုအသင်းတို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ မြန်မာ- ရုရှားနိုင်ငံအကြား ကုန်သွယ်မှုသည် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာ နှစ်တွင် အမေရိကန် ဒေါ်လာသန်း ၆ဝ ကျော်ရှိခဲ့သော်လည်း ယခုအခါ မြန်မာ-ရုရှားနိုင်ငံအကြား ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ် ပထမနှစ်အတွင်းတွင် ၂ ဒသမ ၅ ဆ တိုးတက်လာပြီး အမေရိကန်ဒေါ် လာ ၃၃၅ သန်း ကျော်အထိ တိုးတက်လာနေပါသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းအပြင် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ သတ္တု ကဏ္ဍ၊ စက်မှု၊ လျှပ်စစ်၊ စွမ်းအင်၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ နည်းပညာ စသည့် ကဏ္ဍပေါင်းစုံတွင် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါသည်။ ယင်းမှာ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား မဟာဗျူဟာမြောက် ဘက်စုံဆက်ဆံရေး အစီအစဉ်များလည်း ဖြစ်ပါသည်။

မြန်မာ့နိုင်ငံခြားရေးမူဝါဒ

မြန်မာနိုင်ငံနှင့် ယနေ့အထိ သံတမန် ဆက်သွယ်ထားသော နိုင်ငံပေါင်း ၁၂၅ နိုင်ငံ ရှိပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ” (Indepe-ndent, Active and Non-aligned Foreign Policy) ကို ကျင့်သုံးလျက်ရှိပါသည်။ မြန်မာ့နိုင်ငံခြားရေး မူဝါဒသည် အခြေခံအနှစ်သာရဖြစ်သော လွတ်လပ်မှု၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့မှု၊ နိုင်ငံတော်လုံခြုံရေး၊ စည်းလုံးညီညွတ်ရေး၊ ကိုယ့်အားကိုယ်ကိုး  ရပ်တည်နိုင်ရေးနှင့် ငြိမ်းချမ်းရေးတို့သည် ပြောင်းလဲမှုမရှိဘဲ အမျိုးသားအကျိုးစီးပွားကို တစိုက်မတ်မတ်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြား ရေးမူဝါဒအပေါ်ရပ်တည်၍ နိုင်ငံတကာ ဆက်ဆံရေးကို နှစ်နိုင်ငံဆက်ဆံရေး (Bilateral relations)၊ ဒေသတွင်းနိုင်ငံများနှင့် ပေါင်းစပ်ရေး (Regional integration) နှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး (multilateralism) နယ်ပယ်များတွင် မိတ်ဝတ်မပျက်သည့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက် သည့်ဆက်ဆံရေးကို ထူထောင်လျက်ရှိပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် ဆက်ဆံရာတွင် ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်၊ အခြေခံမူများနှင့်အညီ မိတ်ဝတ်မပျက်သည့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို လိုက်နာလျက်ရှိပါသည်။
သို့ဖြစ်သည့်အတွက်လည်း မြန်မာ-ရုရှား ဆက်ဆံရေးသည် နှစ်ပေါင်း ၇၅ နှစ်ကြာသည့်တိုင် မိတ်ဝတ်မပျက် ဆက်ဆံရေးဖြင့် ကမ္ဘာ့နိုင်ငံရေးတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်အပြင် နှစ်နိုင်ငံဆက်ဆံရေးကို များစွာတိုးမြှင့်နိုင်ခဲ့ကြပါသည်။

ကမ္ဘာ့အခင်းအကျင်းသစ်နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးပြယုဂ် 

ကမ္ဘာ့အင်အား ချိန်ခွင်လျှာသည် စစ်အေးခေတ်နောက်ပိုင်း ကမ္ဘာကြီးအား တစ်ဦးတည်းမှ လွှမ်းမိုးချုပ်ကိုင်လိုသည့် ဧကဝင်ရိုး (unipolar World) ပုံစံအဖြစ် ရှိနေခဲ့ရာမှ ယခုအခါ ဗဟုဝင်ရိုး (Multi-polar World) ပုံစံသို့ အင်အားချိန်ခွင်လျှာ ကူးပြောင်းနေပြီ ဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံရေးတွင် ယခင်က အင်အားအကြီးဆုံးနိုင်ငံအဖြစ် တစ်ဖက်သတ် ရပ်တည်နိုင်ခဲ့သော်လည်း ယခုအခါ ကမ္ဘာ့ အသိုက်အဝန်းတွင် တရုတ်၊ ရုရှား၊ ဂျပန်နှင့် EU တို့၏ သိပ္ပံနှင့် နည်းပညာ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးတို့တွင် များစွာတိုးတက်လျက်ရှိပြီး အမေရိကန်နိုင်ငံနှင့် ပခုံးချင်းယှဉ်လာနေပြီး ကမ္ဘာကြီး၏အခင်းအကျင်းသစ် (New World Order) အဖြစ်သို့ ကမ္ဘာ့နိုင်ငံရေးပုံစံကို ပြောင်းလဲနိုင်စွမ်းရှိလာနေပြီ ဖြစ်ပါသည်။

ယင်းသို့ ပြောင်းလဲနေသော ကမ္ဘာကြီး၏ အခင်းအကျင်းသစ်တွင် အမျိုးသားအကျိုးစီးပွားနှင့် အခြေခံမူများသည် အသိသာဆုံးဖြစ်ပြီး ယင်းသည် နိုင်ငံအဆင့်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်၍ဖြေရှင်းကြရမည့် နက်နဲ ရှုပ်ထွေးသော အလျှော့အတင်းအခြေအနေ များသို့လည်း ဦးတည်စေလျက်ရှိပါသည်။ ကမ္ဘာကြီး၏ အခင်းအကျင်း သစ်အရ နိုင်ငံများအကြား ကွာဟမှုများ လျော့နည်းလာပြီး တစ်ချိန်တည်းတွင် ၎င်းတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပူးပေါင်းလှုပ်ရှားနိုင်ပြီ ဖြစ်ပါသည်။ 

ယနေ့ ကမ္ဘာတစ်ဝန်း၌ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အခြေခံအချက်များကို ချိုးဖောက်၍ သို့မဟုတ် မကိုက်မညီဘဲ အင်အားနည်း နိုင်ငံများအပေါ် ခြိမ်းခြောက် အကျပ်ကိုင်မှုများ၊ လွှမ်းမိုးမှုများ၊ ဝင်ရောက်စွက်ဖက်မှုများ၊ သွေးထိုးမြှောက်ပင့်မှုများ၊ ကြားခံစစ်တလင်း လုပ်ဆောင်မှုများကြောင့် ကမ္ဘာ့နိုင်ငံနှင့် ဒေသအသီးသီး၌ အစဉ်အဆက်မကြုံဖူးသည့် စိန်ခေါ်မှုများ၊ ပဋိပက္ခများ၊ အကျပ်အတည်းများနှင့် ရင်ဆိုင်နေကြရပါသည်။ 

ပြောင်းလဲနေသည့် ကမ္ဘာကြီးတွင် လွန်ခဲ့သည့် ၇၅ နှစ်ကပင် နီးကပ်စွာ ဆက်ဆံခဲ့ကြသည့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နှစ်နိုင်ငံအကျိုးစီးပွားအတွက် မဟာဗျူဟာမြောက်ဘက်စုံ ဆက်ဆံရေးကို ထူထောင်လျက်ရှိကြပါသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား စိတ်ရင်းစေတနာ မှန်ကန်စွာနှင့်ဆက်ဆံ နိုင်မှုကြောင့် ယနေ့ဆိုလျှင် စိန်ရတုထိတိုင် မိတ်ဝတ်မပျက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားနိုင်သည့်အပြင် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့်လာနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်ခြင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေး၏ ပြယုဂ်ပင် မဟုတ်ပါလား။ ။