မြန်မာ - ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေးသမိုင်းတွင် မေ့ပျောက်၍ မရစကောင်းသော ဘိုဇင်ကော့ဗ်နှင့် ဇိုနင်

အားကစားပရိသတ်တစ်ဦး

မြန်မာ- ရုရှားဖက်ဒရေးရှင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတု အခါသမယတွင် မြန်မာ့ဘောလုံးလောကတစ်ခေတ်ဆန်းသစ်လာစေရန် နည်းပေး လမ်းပြ ပံ့ပိုးကူညီပေးခဲ့ပါသော တစ်ချိန်က မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှ ဆိုဗီယက် (ရုရှား) နည်းပြဆရာများဖြစ်ကြသည့် ဘိုဇင်ကော့ဗ်နှင့် ဇိုနင်တို့ကို ကျွန်ုပ်တို့ မေ့ပျောက်၍ မရစကောင်းပေ။

မြန်မာ့ဘောလုံးအားကစား  အဆင့် အတန်း မြင့်မားရေးနှင့် နိုင်ငံတကာပြိုင်ပွဲ များတွင်      မြန်မာဘောလုံးအသင်း အောင်ပန်း          ဆင်မြန်းနိုင်ရေးအတွက် နိုင်ငံတော်က          နိုင်ငံခြားသားနည်းပြ ဆရာများကို   ၁၉၅၄   ခုနှစ်မှစတင်၍ ငှားရမ်းခေါ်ယူခဲ့သည်။ ၁၉၅၄ ခုနှစ် ဧပြီ လတွင် အင်္ဂလန်နိုင်ငံသား အေဝီယားကို ဒုတိယအကြိမ်မြောက်   အာရှအားကစား ပြိုင်ပွဲကျင်းပရန် တစ်လအလိုတွင် စတင် ငှားရမ်းခေါ်ယူခဲ့ခြင်းဖြစ်သည်။

ထို့နောက်        မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့်       တပ်မတော် လက်ရွေးစင်             ဘောလုံးအသင်းများ အတွက်  ယူဂိုဆလားဗီးယားနည်းပြများ ဖြစ်ကြသည့်    ဗီထရိုဗစ်ချ်နှင့်    မာကို ဗားလော့ဗ်၊ ဟန်ဂေရီနည်းပြ ကာလ်မား၊ ဆိုဗီယက်(ရုရှား)  နည်းပြဆရာများ ဖြစ်ကြသည့် ဘိုဇင်ကောဗ့်နှင့် ဇိုနင်တို့ကို ဆက်လက်ငှားရမ်းခေါ်ယူခဲ့ပါသည်။

အင်္ဂလန်နည်းပြဆရာ    အေဝီယား သည်          မြန်မာဘောလုံးအသင်းကို ကြံ့ခိုင်မှုအပိုင်းသာ ဦးစားပေးခဲ့သော်ငြား ၁၉၅၄ ခုနှစ်  ဖိလစ်ပိုင်  အာရှအားကစား ပြိုင်ပွဲတွင်  တတိယကြေးတံဆိပ်ဆွတ်ခူး ရရှိအောင်    စွမ်းဆောင်ပေးနိုင်ခဲ့သည်။ မြန်မာလက်ရွေးစင်         ဘောလုံးအသင်း အတွက် ဗွေဆော်ဦး နိုင်ငံတကာပြိုင်ပွဲဆုတံဆိပ်လည်းဖြစ်သည်။

အင်္ဂလန်နည်းပြဆရာ  အေဝီယားနှင့် စာချုပ်ဖျက်သိမ်းပြီးနောက် ၁၉၅၇ ခုနှစ် တွင် ယူဂိုဆလားဗီးယားနိုင်ငံမှ   နည်းပြ မီလိုရဒ်  မီထရိုဗစ်ချ်ကို  ထပ်မံငှားရမ်းခဲ့ သည်။     မီထရိုဗစ်ချ်လက်ထက်တွင်မူ နိုင်ငံတကာပြိုင်ပွဲများတွင်    အောင်မြင်မှု မရရှိခဲ့ပေ။

မြန်မာ့             တပ်မတော်ကလည်း တပ်မတော်လက်ရွေးစင်   ဘောလုံး အသင်းများအတွက်   ယူဂိုဆလပ်နည်းပြ တစ်ဦးဖြစ်သည့် မာကို ကို ၁၉၅၉ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ ငှားရမ်းခေါ်ယူခဲ့သည်။ မာကိုသည်    စည်းကမ်းကို  အဓိကထား ကာ ခေတ်မီကစားနည်းနှင့်  ကြံ့ခိုင်မှုတို့ ကို သင်ကြားပို့ချပေးခဲ့သည်။

ပထမဆုံး ဆိုဗီယက်နည်းပြဆရာ

မြန်မာနိုင်ငံသို့  ပထမဆုံး ဆိုဗီယက် နည်းပြဆရာအဖြစ် ရောက်ရှိလာသူမှာ  ဘိုဇင်ကော့ဗ်ဖြစ်သည်။              မြန်မာ လက်ရွေးစင်ဘောလုံးအသင်း      နည်းပြ ဆရာအဖြစ် ၁၉၆၁ ခုနှစ် ဩဂုတ်လ ၆ ရက်မှ ၁၉၆၅ ခုနှစ် မတ်လ ၁၇ ရက်အထိ တာဝန်ယူခဲ့သည်။   ဘိုဇင်ကော့ဗ်သည် ဆိုဗီယက်ပြည်ထောင်စု၏     ထိပ်တန်း ဘောလုံးကစားသမားတစ်ဦး   ဖြစ်ရုံမက ရေခဲပြင်ဟော်ကီ    ကစားသမားဟောင်း လည်းဖြစ်သည်။   အားကစားသမားဘဝ မှ အနားယူပြီးနောက် ဘောလုံးနည်းပြ ဆရာသင်တန်းသို့      တက်ရောက်ခဲ့ပြီး အဆင့်မြင့် အောင်မြင်ခဲ့သူဖြစ်သည်။

ဘိုဇင်ကော့ဗ်သည်    ၁၉၆၁   ခုနှစ်  အရှေ့တောင်အာရှ     ကျွန်းဆွယ်အား ကစားပြိုင်ပွဲဝင်       မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို   တာဝန်ယူလေ့ကျင့် ပေးခဲ့ပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်သည် အထိ ပို့ဆောင်ပေးခဲ့သည်။  ဗိုလ်လုပွဲတွင် မလေးရှားအသင်းကို    ရှုံး၍   ဒုတိယ ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

သို့ရာတွင်          ဘိုဇင်ကော့ဗ်သည် ရွှေခေတ်  မြန်မာ့လက်ရွေးစင်ဘောလုံးသမားများ၏     အရည်အသွေး   ပိုမို တောက်ပမြင့်မားလာအောင်   သင်ကြား ပို့ချပေးနိုင်ခဲ့သည်။   ရွှေခေတ်    မြန်မာ့ လက်ရွေးစင်               ကစားသမားကြီး မောင်မောင်က -
“ကျွန်တော့်ကို အရည်အချင်းပြည့်ဝ တဲ့     ဘောလုံးသမားကောင်းဖြစ်လာ အောင်  ပုံသွင်းလေ့ကျင့်ပေးသူကတော့ တပ်မတော်ဘောလုံးအသင်း   နည်းပြ ဆရာ ယူဂိုဆလပ်နည်းပြ   မစ္စတာ မာကို ဗားလော့ဗ်ပါပဲ။ တောက်ပတဲ့ဘောလုံး သမားဖြစ်လာအောင်      အချောကိုင် လေ့ကျင့်ပေးသူကတော့       ဆိုဗီယက် ဘောလုံးနည်းပြဆရာ   မစ္စတာ   ဘိုဇင် ကော့ဗ်ပါပဲ။        သူဟာ     ဆိုဗီယက် အားကစားပါရဂူဘွဲ့ရပြီးသူဖြစ်ပြီး     ရုရှား လက်ရွေးစင်အသင်းမှာ  ပါဝင်ခဲ့သူဖြစ်တဲ့ အတွက် အဘက်ဘက်က  ပြည့်စုံသူဖြစ်ပါ တယ်။ မြန်မာပြည်ကို ရောက်လာကြတဲ့ နိုင်ငံခြားသား ဘောလုံးနည်းပြဆရာတွေ ထဲမှာ             မစ္စတာဘိုဇင်ကော့ဗ်ဟာ အကောင်းဆုံး တစ်ယောက်ဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။  မစ္စတာ  ဘိုဇင် ကော့ဗ်ဟာ ဘောလုံးအတတ်ပညာမှာ ကစားနည်းပရိယာယ်ကြွယ်ဝသူလည်း ဖြစ်ပါတယ်”   ဟု     ဆရာ့ကျေးဇူးကို အမှတ်တရ ပြန်ပြောင်းပြောဆိုခဲ့ဖူးသည်။

ထို့အတူ            မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ ဂိုးသမား ခင်မောင် ထွန်းသည်လည်း          ဘိုဇင်ကော့ဗ်၏ လေ့ကျင့်သင်ကြား      ပို့ချပေးမှုကြောင့် အရည်အသွေးပိုမို   တောက်ပလာကာ အာရှလက်ရွေးစင်အဖြစ်ပင် ရွေးချယ်ခံခဲ့ ရသည်။

ခင်မောင်ထွန်းသည်        ထောင့် အမျိုးမျိုးမှလာသော  အမြောက်ဘောများ ကိုဖမ်းယူခြင်း၊      ဂိုးပေါက်ထဲတွင် နောက်ပြန်ရပ်နေစေပြီး ၂၅ ကိုက်အကွာ မှအသံပေး၍  ကန်သွင်းမှုများကို ဖမ်းယူ ခြင်း၊    ကစားဖော်များထံ         အလျင်အမြန် ဘောလုံးပေးပို့ခြင်း၊ ဒိုင်ဗင်ထိုးကာကွယ် ခြင်း စသည့်လေ့ကျင့်မှုများကို နည်းပြ ဆရာ ဘိုဇင်ကော့ဗ်၏ နည်းစနစ်အတိုင်း မခိုမကပ်လေ့ကျင့်ခဲ့ရသည်။

ထို့ကြောင့်     မြန်မာ့လက်ရွေးစင် ဂိုးသမား   ခင်မောင်ထွန်းသည်  ၁၉၆၄၊ ၆၅ ခုနှစ်များတွင် အကောင်းဆုံးလက်စွမ်း ပြ ကစားနိုင်လာခဲ့သည်။   ဘောလုံးဖမ်းပုံ သေသပ်ရုံမက     တစ်ဖက်အသင်း၏ တိုက်စစ်ဆင်မှုကို     ကစားဖော်များ ကြိုတင်၍    နေရာယူတားဆီးနိုင်ရန် သတိပေး          ညွှန်ပြတတ်လာသည်။ တစ်ဖက်အသင်း ဂိုးသွင်းခွင့်မရအောင် ဂိုးရှေ့ထွက်၍           ဖြတ်တောက်ခြင်း၊ တားဆီးခြင်း၊      ပိတ်ဆို့ခြင်းများကို ပြုတတ်လာသည်။ တိုးတက်လာသော ခေတ်သစ်   ဘောလုံးကစားနည်းအရ ဂိုးသမားသည်     ဂိုးတိုင်နှစ်တိုင်အတွင်း နေပြီး လာသမျှဘောလုံးကို ဖမ်းယူခြင်း  တာဝန်မျှသာမဟုတ်၊    ခံစစ်အတွက် အမိန့်ပေးညွှန်ပြသူ၊   နောက်ဆုံး   ခုခံ ကာကွယ်သူအဖြစ်ပါ       အရည်အသွေး တိုးတက်လာခဲ့သည်။ 

စွယ်စုံရအားကစားသမားတစ်ဦး

အမှန်တကယ်တော့  ခင်မောင်ထွန်း သည် စွယ်စုံရအားကစားသမားတစ်ဦး လည်း  ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဘော်လီဘော  အားကစားသမားအဖြစ် အကြိမ်ကြိမ် ရွေးချယ်ခံခဲ့ရသော်လည်း ဘိုဇင်ကော့ဗ်က        သူနှင့်လိုက်ဖက် သော      ဘောလုံးအားကစားဘက်သို့အရ ခေါ်ဆောင်ခဲ့သဖြင့် မြန်မာ့လက်ရွေးစင် ဘော်လီဘော အားကစားသမားဘဝကို  စွန့်လွှတ်လိုက်ရခြင်းဖြစ်သည်။

ဆိုဗီယက်နည်းပြ  ဘိုဇင်ကော့ဗ်နှင့် လက်ရွေးစင်အသင်းကို    ကူညီလေ့ကျင့် ပေးခဲ့သူ   ဟန်ဂေရီနည်းပြ ကာလ်မားတို့ တာဝန်ပြီးဆုံး၍    သက်ဆိုင်ရာ       နိုင်ငံ အသီးသီးသို့      ပြန်သွားကြပြီးနောက် ဆိုဗီယက်ပြည်ထောင်စုမှ နည်းပြဆရာ တစ်ဦးဖြစ်သူ       ဂယ်မန်ဇိုနင်      ထပ်မံ ရောက်ရှိလာသည်။

ရွှေခေတ်သမိုင်း မှတ်တိုင်

ဇိုနင်ကို ၁၉၂၆ ခုနှစ်တွင် ယူကရိန်း ပြည်နယ်  ကာဇန်းမြို့၌  မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက  လူငယ်အသင်းများ တွင်   ဘောလုံးစတင်ကစားခဲ့ပြီး   လီနင် ဂရက်မြို့ရှိ ကလပ်အသင်းများ၌ ဘောလုံး သမား၊     နည်းပြအဖြစ်     အဆင့်ဆင့် တက်လှမ်းခဲ့သည်။ ၁၉၅၃ ခုနှစ် အသက် ၂၇   နှစ်အရွယ်တွင်    လီနင်ဂရက်မြို့ ကာယပညာသိပ္ပံမှ             ဘွဲ့ရရှိခဲ့သည်။ ထို့နောက်        အားကစားမဟာဝိဇ္ဇာနှင့် ဂုဏ်ထူးဆောင်    နည်းပြဆရာဘွဲ့များ ရယူခဲ့ပြီး ၁၉၆၄ ခုနှစ်တွင်  လီနင်ဂရက် ကာယပညာသိပ္ပံ၊  ဘောလုံးဌာန၌ ကထိက အဖြစ်  တာဝန်ထမ်းဆောင်ခဲ့သည်။

ဇိုနင်ကို ၁၉၆၄ ခုနှစ် စက်တင်ဘာလ မှ ၁၉၆၈   ခုနှစ်     စက်တင်ဘာလအထိ မြန်မာ့လက်ရွေးစင်        ဘောလုံးအသင်း နည်းပြဆရာအဖြစ် တာဝန်ယူရန် မြန်မာ နိုင်ငံအားကစားနှင့်          ကာယပညာ ကော်မတီက ငှားရမ်းခဲ့သည်။ ဇိုနင်ခေတ် တွင်   မြန်မာ့လက်ရွေးစင်    ဘောလုံး အသင်းသည် အာရှချန်ပီယံတို့ မြန်မာဟူ သည့်    ရွှေခေတ်တစ်ခေတ်ကို     သမိုင်း မှတ်တိုင်အဖြစ် စိုက်ထူနိုင်ခဲ့သည်။ 

ဇိုနင်နှင့်      တွဲဖက်တာဝန်ယူခဲ့သည့် ဆရာ   ဦးစိန်လှိုင်တို့    လက်ထက်တွင် မြန်မာ့လက်ရွေးစင်         ဘောလုံးအသင်း သည်   ၁၉၆၅  ခုနှစ်  အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲတွင်   ထိုင်းနှင့်ပူးတွဲ ပထမ၊ ၁၉၆၆ ခုနှစ် အာရှအားကစားပြိုင်ပွဲ တွင်  ရွှေတံဆိပ်၊   ၁၉၆၇   ခုနှစ်  အရှေ့ တောင်အာရှ      ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေတံဆိပ်၊    အာရှဖလားပြိုင်ပွဲတွင် ဒုတိယ၊ မာဒေးကားပြိုင်ပွဲ ပူးတွဲချန်ပီယံ ဆုများကို              ရယူဆွတ်ခူးနိုင်ခဲ့ လေသည်။
မြန်မာ့ဘောလုံး ရွှေခေတ်တစ်ခေတ် ကို ထူထောင်ခဲ့ရာတွင် ဆိုဗီယက်(ရုရှား) နည်းပြဆရာ ဘိုဇင်ကော့ဗ်နှင့် ဇိုနင်တို့ ၏ ခေတ်မီနည်းစနစ်များ၊  ကုံလုံကြွယ်ဝ သော  ဘောလုံးပညာရပ်များဖြင့် သင်ကြား ပို့ချမှုများက များစွာအထောက်အကူပြု သည့်နည်းတူ         ဆိုဗီယက်(ရုရှား) ထိပ်တန်းကလပ်အသင်းများနှင့်  အပြန် အလှန်ခြေစမ်းပွဲများ    ကစားခွင့်ရခြင်း ကလည်း မြန်မာ့ဘောလုံးအသင်းများကို နိုင်ငံတကာ     အတွေ့အကြုံကောင်းများ ရရှိစေခဲ့ပါသည်။

၁၉၅၅ ခုနှစ် စတုတ္ထအကြိမ်မြောက် လေးနိုင်ငံ     ဘောလုံးပြိုင်ပွဲမတိုင်မီ ဆိုဗီယက်ပြည်ထောင်စုမှ     မော်စကို မီးရထား(လိုကိုမိုးတစ်)  ဘောလုံးအသင်း သည် ဒီဇင်ဘာ  ၆    ရက်နေ့တွင်   မြန်မာ နိုင်ငံသို့လာရောက်        ခြေစမ်းခဲ့သည်။ မြန်မာပြည်သို့     ဆိုရှယ်လစ်နိုင်ငံများ အနက် ပထမဆုံးလာရောက်ကစားခဲ့ခြင်း ဖြစ်ပြီး  ဆိုဗီယက်ဘောလုံးအသင်းသည် ခေတ်မီ   ဘောလုံးကစားနည်းများဖြင့် ကစားနေသည်ကို   မြန်မာတို့မြင်တွေ့ခဲ့ရ သည်။ 

ခြေစမ်းပွဲကစား

၁၉၅၇ ခုနှစ်  မတ်လတွင်  ဆိုဗီယက် ပြည်ထောင်စုမှ  တီလီဘီစီ(ဂျော်ဂျီယာ) ဒိုင်နမို     ဘောလုံးအသင်းလာရောက်၍ ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ  ပထမပွဲတွင် ဒိုင်နမိုအသင်းက    မြန်မာ့လက်ရွေးစင် အသင်းကို  ကိုးဂိုး- တစ်ဂိုးဖြင့်  အပြတ် အသတ် အနိုင်ရသွားသည်။ ဒုတိယပွဲတွင် မြန်မာတို့    အထူးကြိုးစားခဲ့၍ ငါးဂိုး- လေးဂိုးဖြင့်သာ ကပ်ရှုံးခဲ့ရသည်။

၁၉၆၀ ပြည့်နှစ်     ဒီဇင်ဘာလတွင် ရုရှားမှ     ထိပ်သီးဘောလုံးအသင်း တစ်သင်းဖြစ်သော   ဗဟိုစစ်တပ်အသင်း သည် မြန်မာနိုင်ငံသို့  လာရောက်ခြေစမ်း ကစားခဲ့ပြန်သည်။ ဗဟိုစစ်တပ်အသင်း က ပထမပွဲတွင် အရပ်သားလက်ရွေးစင် အသင်းကို   သုံးဂိုးပြတ်၊  ဒုတိယပွဲတွင် တပ်မတော်       လက်ရွေးစင်အသင်းကို ငါးဂိုး-နှစ်ဂိုး၊   တတိယပွဲတွင်   မြန်မာ့ လက်ရွေးစင်အသင်းကို  ရှစ်ဂိုးပြတ်ဖြင့် အနိုင်ရသွားသည်။

၁၉၆၁ ခုနှစ် နိုဝင်ဘာလတွင် ရုရှား ချန်ပီယံ    မော်စကိုတော်ပီဒိုဘောလုံး အသင်း လာရောက်ခြေစမ်းခဲ့ပြီး မြန်မာ့ လက်ရွေးစင်အသင်းကို     လေးဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြန်သည်။

၁၉၆၅   ခုနှစ်     နိုဝင်ဘာလတွင် ဆိုဗီယက်ပြည်ထောင်စုမှ   ယူကရိန်း ပြည်နယ် လက်ရွေးစင်ဘောလုံးအသင်း သည်   မြန်မာနိုင်ငံသို့   လာရောက်၍ ချစ်ကြည်ရေးခြေစမ်းခဲ့ရာ ပထမပွဲတွင် မြန်မာလက်ရွေးစင်ဘောလုံးအသင်းနှင့် တစ်ဂိုးစီသရေ၊   ဒုတိယပွဲတွင်   နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရသွားသည်။

၁၉၆၆   ခုနှစ်   နိုဝင်ဘာလတွင် ဆိုဗီယက်မှ    ထိပ်တန်းအသင်းတစ်သင်း ဖြစ်သော       ဇင်းနစ်ဘောလုံးအသင်း လာရောက်ခြေစမ်းခဲ့ပြန်ရာ       ဤ တစ်ခေါက်တွင်မူ မြန်မာဘောလုံးအသင်း ကို   အနိုင်မယူနိုင်ခဲ့ချေ။   ပထမပွဲတွင် ဂိုးမရှိသရေဖြစ်ခဲ့ပြီး        ဒုတိယပွဲတွင်မူ မြန်မာဘောလုံးအသင်းက နှစ်ဂိုး- ဂိုးမရှိ ဖြင့် အနိုင်ရခဲ့သည်။

၁၉၆၇    ခုနှစ်တွင်မူ    မြန်မာလူငယ် လက်ရွေးစင်        ဘောလုံးအသင်းသည် ဥရောပခရီးစဉ်အဖြစ်     ရုရှားနှင့်  အရှေ့ ဂျာမနီနိုင်ငံတို့သို့            သွားရောက်၍ ချစ်ကြည်ရေးခြေစမ်းပွဲများ    ယှဉ်ပြိုင် ကစားခဲ့ရာ  ရုရှားခရီးစဉ်တွင်   ပြည်နယ် အဆင့် အသင်းနှစ်သင်းကို တစ်ဂိုး- ဂိုးမရှိ တို့ဖြင့်     ရှုံးနိမ့်ခဲ့သော်လည်း    ဥရောပ ချန်ပီယံရုရှားလူငယ်အသင်းကို နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်အောင်  ကစားနိုင် ခဲ့သည်။

ထိုကဲ့သို့       ဆိုဗီယက်(ရုရှား)မှ ထိပ်တန်းကလပ်         အသင်းများနှင့် စဉ်ဆက်မပြတ်    ချစ်ကြည်ရေးခြေစမ်းပွဲ များ            အပြန်အလှန်ကစားခဲ့ရသည့် အတွေ့အကြုံကောင်းများကြောင့်လည်း မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် လူငယ်လက်ရွေးစင်ဘောလုံး အသင်းတို့ သည် ယခုအာရှထိပ်သီး တောင်ကိုရီး ယား၊  အီရန်၊  အစ္စရေး   စသည့်အသင်း များနှင့် ဒေသတွင်းပြိုင်ဘက်အသင်းများ ကို    ပြိုင်ပွဲများတွင်    အကြိတ်အနယ် ကစားနိုင်ပြီး မြန်မာ့ဘောလုံး ရွှေခေတ် တစ်ခေတ်ကို        ထူထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

  များစွာ အထောက်အကူပြု

ထို့အတူ   ဆိုဗီယက်(ရုရှား)နည်းပြ ဆရာများဖြစ်ကြသည့်  ဘိုဇင်ကော့ဗ်နှင့် ဇိုနင်တို့သည် မြန်မာဘောလုံးအသင်းကို နိုင်ငံတကာပြိုင်ပွဲများတွင်    အောင်ပန်း ဆင်မြန်း နိုင်ရန်  နည်းပြဆရာများအဖြစ် ကိုယ်တိုင်ကိုယ်ကျ   နည်းပေးလမ်းပြ ပါဝင်ဆောင်ရွက်ပေးခဲ့ရုံမျှမက  ၎င်းတို့ နှစ်ဦးရေးသားခဲ့သော           ဘောလုံး နည်းစနစ်၊     နည်းပညာစာအုပ်များက လည်း  မြန်မာ့ဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားရေးကို          များစွာ အထောက်အကူပြုခဲ့သည်။

မြန်မာဘာသာဖြင့်    ထုတ်ဝေသည့်  အားကစားနည်းစနစ် စာအုပ်စာပေများ ရှားပါးလှသည့်        ခေတ်ကာလတွင် ဘိုဇင်ကော့ဗ်၏     ရုရှားဘာသာဖြင့် ပြုစုထားသည့်       ဘောလုံးနည်းပညာ စာအုပ်တစ်အုပ်ကို ဆရာမောင်တင်မြက မြန်မာဘာသာဖြင့်ပြန်ဆို၍ ထုတ်ဝေ နိုင်ခဲ့သည်။ ထို့အတူ ရုရှားနည်းပြဆရာ ဇိုနင် ရေးသားပြုစုသည့် ဘောလုံးနည်း စနစ်ဆိုင်ရာ      စာအုပ်ကိုလည်း    ဆရာ မောင်တင်မြကပင်   ဘာသာပြန်ဆို၍ “ရုရှားနည်းပြဆရာ   ဇိုနင်၏   ဘောလုံး ပရိယာယ်”အမည်ဖြင့်   စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ 
ဇိုနင်၏ အဆိုပါဘောလုံး နည်းစနစ် စာအုပ်တွင် ဘောလုံးပရိယာယ်၊ ပရိယာယ် လေ့ကျင့်မှု၊ ခေတ်သစ် ဘောလုံးပညာ၏ အသွင်လက္ခဏာများ၊ စုပေါင်းဆောင်ရွက် မှုနှင့်     တစ်ဦးချင်းဆောင်ရွက်မှုများ၊ လိမ်ခြင်း၊        ဘောလုံးသယ်ခြင်းနှင့် ပေးခြင်း၊ ဘောလုံးဖျက်ခြင်း၊   တစ်ဦးချင်း ယှဉ်ပြိုင်မှု၊    တိုက်စစ်ပရိယာယ်၊ ခံစစ် ပရိယာယ်၊ တွဲဖက်ကစားနည်း ပရိယာယ် နှင့် နိဿရည်း၊ ပရိယာယ်နှင့် ပြေးခုန်ပစ် အားကစားပညာ၊ ဘောလုံးအသင်းများ ၏  သီးခြားတာဝန်များ၊   နောက်ဆက်တွဲ ဟူ၍ မာတိကာ အခန်း ၁၅ ခန်း ပါဝင် သည်။

သို့ဖြင့်   မြန်မာ့ဘောလုံးလောက အဆင့်အတန်း  တိုးတက်မြင့်မားရေးနှင့် မြန်မာ့ဘောလုံး    ရွှေခေတ်တစ်ခေတ် ထူထောင်ရာတွင်         ရှေ့တန်းက စွမ်းစွမ်းတမံ    ကြိုးပမ်းဆောင်ရွက် ပေးခဲ့ပါသော   တစ်ချိန်က   ဆိုဗီယက် (ရုရှား)နည်းပြဆရာများ   ဖြစ်ကြသည့် မစ္စတာ       ဘိုဇင်ကော့ဗ်နှင့်     မစ္စတာ ဇိုနင်တို့ကို   မြန်မာ-   ရုရှားဖက်ဒရေးရှင်း နှစ်နိုင်ငံ      သံတမန်ဆက်ဆံရေး      (၇၅)     နှစ်မြောက်    အခါသမယ၌    အမှတ်တရ    ဂုဏ်ပြု ရေးသားလိုက်ရပါသည်။        ။