မြန်မာ - ရုရှား နှစ်နိုင်ငံရေတပ်တို့၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု

 

 

မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဘက်ရှိ နတ်မြစ်ဝမှ တောင်ဘက် ကော့သောင်းမြို့ ဘုရင့်နောင်အငူအထိ ၁၃၄၈ မိုင် ရှည်လျားသည်။ မြန်မာ့ပင်လယ်ပြင်ပိုင်နက်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်တို့၏  အစိတ်အပိုင်းများ ပါဝင်ပြီး ရေပြင်ဧရိယာစတုရန်းမိုင် ၁၄၄၉၁၂ ရှိသည်။ မြန်မာ့ပင်လယ်ပိုင်နက် နယ်နိမိတ်အတွင်း ကျွန်းပေါင်း ၁၄၀၀ ကျော် တည်ရှိနေပြီး အမျိုးသားအကျိုးစီးပွားအတွက် အရေးပါသည့် စွမ်းအင်အရင်းအမြစ် များနှင့် ငါး ပုစွန် သယံဇာတများလည်း ပေါကြွယ်ဝသည်။

 

မြန်မာ့ပင်လယ်ရေပြင်သည် ကုန်သွယ်ရေလမ်းကြောင်းများကို ထိန်းချုပ်နေရာများအား စိုးမိုးချုပ်ကိုင်ထားသော အချက်အချာနေရာဖြစ်သည့်အပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမုဒ္ဒရာနှစ်စင်းသီအိုရီနှင့် အိန္ဒိယနိုင်ငံ၏ အရှေ့နှင့် ပူးပေါင်းဆောင်ရွက်ရေးမူဝါဒတို့ လာရောက်တွေ့ဆုံနေကြသည့် ဆုံမှတ်လည်းဖြစ်နေသည်။ မြန်မာ့ရေပိုင်နက် ဖြစ်သော ကမ်းခြေအခြေခံမျဉ်းမှ ပင်လယ်သို့ ရေမိုင် ၁၂ မိုင်၊ ဆက်စပ်ရေပြင် ဇုန် (Contiguous Zone)-၂၄မိုင်၊ ကမ်းလွန်ရေတိမ်ပိုင်း သီးသန့် စီးပွားရေးဇုန် ရေမိုင် ၂၀၀ သတ်မှတ်ထားရာ မြန်မာ့တပ်မတော် (ရေ) သည် ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝ ကာကွယ်နိုင်သည့် သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲ ဝင် အသင့်ရေတပ် (Three Dimensional Combet Ready Navy) အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဆက်လက်၍ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင် များသို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy/Regional Navy) အဖြစ် မျှော်မှန်းတည် ဆောက်လျက်ရှိသည်။

 

တပ်မတော်(ရေ)သည် တိုက်စွမ်းရည်တိုးတက်စေရေးအတွက် လေ့ကျင့်ခန်းများ နှစ်စဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာ ရေတပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ တွေ့ဆုံပွဲများ၊ ရေကြောင်းလုံခြုံမှုဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံ ရေးဆိုင်ရာ လေ့ကျင့်ခန်း 1st Myanmar-Russia Maritime Security Exercise (MARUMEX) ကို မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာတွင် မြန်မာ့တပ်မတော်(ရေ)နှင့် ရုရှား ရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ်များ ပူးပေါင်း၍ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

 

မြန်မာ-ရုရှားရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွင် တပ်မတော် (ရေ) နှင့် တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ်များသည် ရုရှားရေတပ်မှ ဖျက်သင်္ဘော (Destroyer) များဖြစ်သည့် စစ်ရေယာဉ် Admiral Tributs ၊ Admiral Panteleev နှင့် Sea Tanker Pechenga နှင့် ရဟတ်ယာဉ်များနှင့် ပူးပေါင်း၍ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများ၊ လက်တွေ့ပစ်ခတ်ခြင်းများ(Live Firing) ဆောင်ရွက်သွားမည်ဖြစ်သည်။

 

မြန်မာ့တပ်မတော် (ရေ) သည် စစ်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ သံတမန်ရေးရာကဏ္ဍ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကဏ္ဍဟူသော ကဏ္ဍကြီးလေးရပ်ကို စွမ်းစွမ်းတမံ ကြိုးပမ်းထမ်းဆောင်လျက်ရှိသည်။ မျက်မှောက်ခေတ်တွင် ပင်လယ်ပြင်အကျိုးစီးပွားပိုင်ဆိုင်ထားသော နိုင်ငံများ အနေဖြင့်မိမိတို့၏ ရေတပ်များကို ရေပြင်ရန်စစ်ဆင်ရေး၊ ဝေဟင်ရန် စစ်ဆင်ရေး၊ ရေအောက်ရန်စစ်ဆင်ရေး၊ အီလက်ထရွန်နစ် စစ်ဆင်ရေး စသည့်စစ်ဆင်ရေးနယ်ပယ်ကြီး လေးရပ်တွင် ပြောင်းလဲတိုးတက်လျက်ရှိသည့် စစ်နည်းဗျူဟာများနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်စွမ်းရှိစေရန် ကြိုးပမ်းဆောင်ရွက်နေကြရခြင်း ဖြစ်သည့်အားလျော်စွာ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သော ရုရှားနိုင်ငံ၏ ရေတပ်မတော်မှ စစ်ရေယာဉ်များနှင့်အတူ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့် မြန်မာ့တပ်မတော် (ရေ) ၏ သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်စွမ်းရည်ကို ပိုမိုမြင့်မားစေမည်ဖြစ်ပြီး နှစ်နိုင်ငံ ရေတပ်များ၏ ချစ်ကြည်ရင်းနှီးမှုကိုလည်း ညီရင်းအစ်ကို ချစ်ကြည်ရင်းနှီးမှုအဖြစ် မြှင့်တင်နိုင်မည်ဟုရှုမြင် ဂုဏ်ပြုအပ်ပါကြောင်း။

 

မြန်မာ့အလင်း