မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြိတ် ၆ ဇွန် 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံအလယ်ပိုင်း စီးပွားရေးလုပ်ငန်းရှင်များ ဒေသတွင်းကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ညှိနှိုင်းဖလှယ်ပွဲကို ဇွန်လ ၅ ရက် မွန်းလွဲ ၂ နာရီက မြိတ်မြို့၊ GRAND JADE HOTEL တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

အခမ်းအနားတွင် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့မှ အဖွဲ့ခေါင်းဆောင် Dr.Winai Rungrittidetch မှ မိတ်ဆက်စကားပြောကြားကာ မြိတ်ခရိုင်ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးလှသန်း နှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန်မိတ်ဆက်၍ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ကဏ္ဍများ၊  စွမ်းအင်နှင့်စက်မှုလက်မှု SME လုပ်ငန်းကဏ္ဍများ၊ ရေလုပ်ငန်းနှင့် ဆက်စပ်ထုတ်ကုန်ပစ္စည်းကဏ္ဍ၊ စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာကဏ္ဍ၊ လူသုံးကုန်/စားသောက်ကုန်/ အလှကုန်ပစ္စည်းများ ဆိုင်ရာကဏ္ဍ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများနှင့် အခြားစီးပွားရေးကဏ္ဍများကို မျက်နှာစုံညီ အပြန်အလှန် ဆွေးနွေးကြသည်။

 

mdn

 

ယင်းနောက် နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို သဘာပတိ၏ ရှေ့မှောက်တွင် မြိတ်ခရိုင်ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးလှသန်းနှင့် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့မှ အဖွဲ့ခေါင်းဆောင် Dr.Winai Rungrittidetch တို့က လက်မှတ်ရေးထိုးကြကာ အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)