မောင်ငြိမ်းအေး

(ယမန်နေ့မှအဆက်)

ယနေ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် နိုင်ငံတကာ မျက်နှာစာတွင် ကြီးကျယ်ခမ်းနားထည်ဝါပြီး ဝမ်းမြောက်ဂုဏ်ယူစရာကောင်းသော သမိုင်းဝင်နေ့တစ်နေ့ ဖြစ်သည်။ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံကြိုဆိုသည့် The Great Hall of the People (ပြည်သူ့ခန်းမဆောင်ကြီး)၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးတို့ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးကြသည်။ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်-မြန်မာ အလံငယ်လေးများ ကိုင်ဆောင်ကာ တက်ကြွပျော်ရွှင်ကခုန်သီဆို ဝှေ့ယမ်း နှုတ်ဆက်ကြသည့် တရုတ်နိုင်ငံသူနိုင်ငံသား ချစ်စဖွယ်ကလေးငယ်လေးများ၊ ခံ့ညားထည်ဝါပြီး အလွန်စမတ်ကျသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) (ကြည်း၊ ရေ၊ လေ)ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၏ တရားဝင်ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားမြင်ကွင်းများသည် အံ့မခန်းမှင်တက်ငေးမောစရာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

သာယာလှပသည့် ပေကျင်းမြို့၏ The Great Hall of the People အဆောက်အအုံရှေ့သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လိုက်ပါလာသည့် အထူးယာဉ်တန်း ရောက်ရှိလာသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ဝင်ပေါက်လှေကားနေရာသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်တည်း လှေကား၏ တစ်ဖက်တစ်ချက်စီတွင် ကြိုတင်နေရာယူထားကြသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုကြိုဆိုကြပြီး ထရမ့်ပတ်အဖွဲ့ကလည်း တီးမှုတ်ဂုဏ်ပြုကြိုဆိုကြသည်။ အလားတူ ဂုဏ်ပြုအမြောက်တပ်ဖွဲ့က လည်း အမြောက် ၂၁ ချက် ပစ်ဖောက်၍ စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အသင့်စောင့်ကြိုနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပြီး နှစ်နိုင်ငံအလံကြီးများ နောက်ခံထား၍ လက်ဆွဲနှုတ်ဆက်ကြပုံများကို မီဒီယာများက မှတ်တမ်းရယူကြသည်။

ဂုဏ်ပြုတပ်ဖွဲ့အလေးပြု

ဆက်လက်၍ နိုင်ငံတော်သမ္မတ နှစ်ဦးတို့သည် ကောဇောနီလျှောက်လမ်းအတိုင်း ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည့် အလေးပြုခံစင်မြင့်အနောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတက မြန်မာဘက်မှ ကိုယ်စားလှယ်များအား ဦးစွာ လိုက်လံနှုတ်ဆက်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တရုတ် ဘက်မှ ကိုယ်စားလှယ်များအား လိုက်လံနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် အလေးပြုခံစင်မြင့်ထက်တွင် နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြု အလေးပြုခြင်းကို ခံယူကြကာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့အလံရှိရာသို့ သွားရောက်၍ ဦးညွှတ်အလေးပြုကြပြီး ဂုဏ်ပြုတပ်ဖွဲ့ အား စစ်ဆေးကြသည်။ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုထွက်ခွာမှုကို ခံယူပြီးနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့် ဖူကျန့်ခန်းမဆောင်သို့ အတူထွက်ခွာကြသည်။

နှစ်နိုင်ငံ နိုင်ငံတော်သမ္မတတို့သည် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ဖူကျန့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးကြရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် က “တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) လာရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့အား တရုတ်နိုင်ငံမှ လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုပါကြောင်း၊ ယခုကဲ့သို့ ခရီးစဉ်လာရောက်ခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို သက်ဝင်ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုသည် ၇၆ နှစ် မြောက်ကာလသို့ ရောက်ရှိပြီဖြစ်ပြီး အေးအတူပူအမျှ အသိုက်အဝန်းကို ထူထောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို အထူးတန်ဖိုးထားရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုနှင့် နယ်မြေပိုင်ဆိုင်မှုကို အလေးထားပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရသစ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များနှင့် တည်ငြိမ်အေးချမ်းပြီး နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက် ရှိမှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ထောက်ခံပါကြောင်း၊ ယခင်နှစ်အတွင်း မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ဦးတည်ချက်များနှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအပေါ် ဘက်စုံအကောင်အထည် ဖော်ဆောင်နိုင်ရေးတို့အတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံနှင့် ပြည်သူများအတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလား အလာကောင်းများစွာကို ဖော်ဆောင်ပေး နိုင်မည်ဟု ယုံကြည်ပါကြောင်း” ဆွေးနွေးပြောကြားသည်။

ကုန်သွယ်မှုမြှင့်တင်

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြန်လည်ဆွေးနွေး ပြောကြားရာတွင် “မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာကြိုဆိုမှုများနှင့် နွေးထွေးစွာ ဧည့်ဝတ်ပြုမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုခရီးစဉ်သည် မိမိနိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံး နိုင်ငံတော်အဆင့် ခရီးစဉ် (State Visit)ဖြစ်သည့်အတွက် မိမိအနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိအား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း၌ အဆွေတော်တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို လက်ခံရရှိခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားသို့လည်း အဆွေတော်၏ အထူးကိုယ်စားလှယ် ဒုတိယဥက္ကဋ္ဌ မစ္စတာ ကျန်းရှင်းကျစ်ကို စေလွှတ်ပေးခဲ့ပါကြောင်း၊ ယင်းတို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံအစိုးရသစ်အပေါ် အလေးအနက်ထားမှုနှင့် မိမိတို့နှစ်ဦးအကြား ခင်မင်ရင်းနှီးမှုကို ပြသနေခြင်းပင်ဖြစ်ကြောင်း။ မိမိအနေဖြင့် အဆွေတော်၏ဖိတ်ကြားချက်ကို အထူးအလေးထား၍ လာရောက် ခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မှု (၁၃)ကြိမ် မြောက် ခရီးလည်းဖြစ်ပါကြောင်း၊ အဓိကရည်ရွယ်ချက်အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအပါအဝင် နှစ်နိုင်ငံ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေးရရှိရန် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်နိုင်ရေးတို့ပင် ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

အချိန်အခါကောင်း

ယခုအခါ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီနစ်ကို ခိုင်ခိုင်မာမာ ကျင့်သုံး လျှောက်လှမ်းလျက်ရှိပြီး နိုင်ငံတော်သမ္မတ တာဝန်ယူသည့်အချိန်တွင် စာမျက်နှာသစ်ဖွင့်မည်ဟုပြောခဲ့ကာ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံရေးစနစ်ကို သက်ဆိုင်သူအားလုံး လိုက်ပါနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်။ နှစ်နိုင်ငံသမ္မတနှစ်ဦးအနေဖြင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးမှု များဆောင်ရွက်ခဲ့ဖူးကြပြီး နှစ်နိုင်ငံ နိုင်ငံတော်အကြီးအကဲများ၏ ထိတွေ့ဆက်ဆံရေးသည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရာတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရသစ် စတင်တာဝန်ယူနေပြီဖြစ်သည်။ အစိုးရသစ်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းနေသည့်ကာလဖြစ်သည်။၊

တရုတ်နိုင်ငံအနေဖြင့်လည်း မတ်လဆန်းပိုင်းတွင် အရေးကြီးအစည်းအဝေးဖြစ်သည့် (၁၄)ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေးနှင့် (၁၄)ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်ကော်မတီ အစည်းအဝေး (Two Sessions)ကို ကျင်းပခဲ့ပြီး ချမှတ်ခဲ့သည့် (၁၅)ကြိမ်မြောက် ငါးနှစ်သက်တမ်းအတွက် အရေးကြီးသည့်မူဝါဒများကို ချမှတ် ကျင့်သုံးနေချိန်ဖြစ်သည်။Two Sessions အစည်းအဝေးတွင် ချမှတ်ခဲ့သည့် မဟာဗျူဟာ ဦးတည်ချက်များသည် တရုတ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများအတွက် ဖွံ့ဖြိုးမှုဆိုင်ရာ အခွင့်အလမ်းသစ်များကို ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ယခုအချိန်သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်၊ နှစ်နိုင်ငံ ဘုံအကျိုးစီးပွား ဖော်ဆောင်ပေးမည့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်သွားရန် အချိန်အခါကောင်းပင်ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

အပြည့်အဝထောက်ခံ

မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ ကျင့်သုံးလျက်ရှိပြီး အိမ်နီးချင်းကောင်း ဆက်ဆံရေးကို ခိုင်မာစွာထိန်းသိမ်း ထားလျက်ရှိသည်။ ထို့အပြင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး လိုအပ်သည့်အချိန်တွင် အပြန်အလှန် ကူညီပံ့ပိုးရပ်တည်ပေးသည့် နိုင်ငံများဖြစ်သည်။ ယခုကဲ့သို့ အခါအခွင့်သင့်သည့် အချိန်တွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အပြည့်အဝ ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုလိုပါကြောင်းနှင့် အဆွေတော် ဦးစီးဖော်ဆောင်နေသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံများဖြစ်သော GGI ၊ GSI ၊ GDI နှင့် GCI တို့ကို ထောက်ခံကြောင်းကိုလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက “မိမိတို့နှစ်နိုင်ငံအကြား ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေပြီး နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ယင်းဒေသများရှိ နှစ်နိုင်ငံပြည်သူများ၏ သာယာဝပြောမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI)၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အောင်မြင်စွာဖြင့် အပြည့်အဝဆောင်ရွက် နိုင်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ် ရေးကို မဖြစ်မနေ ဆောင်ရွက်သွားရန် လိုပါကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ် အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ပြီး NCA လမ်းကြောင်းအတိုင်း ဆက်လက် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း၌ အွန်လိုင်းလိမ်လည် မှုနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အလေးထား တိုက်ဖျက်ဆောင်ရွက် လျက်ရှိပြီး တရုတ်နိုင်ငံနှင့်ပူးပေါင်း၍လည်း နှစ်နိုင်ငံနယ်စပ်များကို အခြေပြုနေသည့် တရားမဝင်လုပ်ငန်းများကို အမြစ်ပြတ်သည်အထိ ဆက်လက် တားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

စာမျက်နှာသစ်ဖွင့်လှစ်

နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းကောင်းများကို ဖော်ဆောင်နိုင်မည်ဟုယုံကြည်သည်။ နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံများဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်ရာတွင် နယ်စပ်ဂိတ်များသည် အထူးအရေးကြီးပြီး နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားပြီး ပူးပေါင်း ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတက “မြန်မာနိုင်ငံ အစိုးရသစ်အနေဖြင့် စာမျက်နှာသစ်ကို ဖွင့်လှစ်တည်ဆောက်ရာတွင် တိုင်းရင်းသားအချင်းချင်း ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်နိုင်ငံ၏ (၁၅)ကြိမ်မြောက် ငါးနှစ်စီမံကိန်း စတင်သည့်နှစ်ဖြစ်ပြီး လုံခြုံရေး၊ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်သွားလိုကြောင်း၊ မိမိတို့သည် မဟာဗျူဟာမြောက် ယုံကြည်မှုကို ခိုင်မာမှုရှိစေရမည်ဖြစ်ပြီး ရှုပ်ထွေးလှသည့် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများအကြား နှစ်နိုင်ငံယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့သည် နယ်နိမိတ်ချင်းထိစပ်မှု အရှည်လျားဆုံးနိုင်ငံဖြစ်ပြီး အယုံကြည်ရဆုံး မိတ်ဆွေနိုင်ငံ၊ အားအကိုးရဆုံး လက်တွဲဖက် မိတ်ဖက်နိုင်ငံများဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ယုံကြည်မှုကို အမြဲတန်ဖိုးထားလျက်ရှိပြီး နှစ်နိုင်ငံအကြား အဆင့်မြင့်ခေါင်းဆောင်များအချင်းချင်း အပြန်အလှန်ခရီးစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ အာဆီယံနိုင်ငံများအကြား ဖြစ်တည်မှု၊ ရပ်တည်မှုအပေါ်တွင် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံ ရပ်တည်သွားမည်ဖြစ်ပြီး ကုလသမဂ္ဂ မျက်နှာစာတွင်လည်း မြန်မာနိုင်ငံအပေါ် ဆက်လက်ရပ်တည်ထောက်ခံသွားမည် ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

နည်းပညာကူညီပေးမည်

တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ အကျိုးစီးပွား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံမှ ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) ၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) စီမံကိန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားလိုကြောင်းနှင့် နယ်စပ်ဒေသ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်နိုင်ရေး၊ သန့်ရှင်းသည့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး၊ အရည်အသွေး မြင့်လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်တင်သွင်းနိုင်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက်သွားလိုကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း ဂေဟစနစ် ထိန်းသိမ်းရေးအတွက်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ဉာဏ်ရည်တုနည်းပညာ (AI)နှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ရှေ့ပြေးနိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိကာ နည်းပညာပိုင်း ဆိုင်ရာများအတွက် ကူညီပေးသွားမည်ဖြစ်ပြီး နည်းပညာပိုင်းတိုးတက်လာမှုနှင့်အတူ လုံခြုံရေးပိုင်းဆိုင်ရာများကိုလည်း ဂရုပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိတ်နှလုံးသားနီးစပ်ရမည်

ဆက်လက်၍ တရုတ်နိုင်ငံသမ္မတက “နှစ်နိုင်ငံအကြား လုံခြုံရေးပိုင်းဆိုင်ရာ နယ်ပယ်၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ နယ်ပယ်များတွင်လည်း ခိုင်မာမှုရှိရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေတစ်ရပ်ရေးဆွဲ ဆောင်ရွက် နေမှုအပေါ်တွင်လည်း ထောက်ခံကြိုဆိုပါကြောင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ တိုက်ဖျက်ရေးကို မိမိတို့အနေဖြင့် ပူးပေါင်းတိုက်ဖျက်လျက်ရှိပြီး ပြန်လည်ဦးမော့လာမှုမရှိစေရေး တင်းတင်းကျပ်ကျပ် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်ပိုင်နက်နယ်မြေကို အသုံးပြု၍ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေမှုများကို လုံးဝခွင့်ပြုသွားမည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် စိတ်ရှည်စွာဖြင့် ဆောင်ရွက်သွားရန်လိုပြီး တွေ့ဆုံဆွေးနွေးခြင်းသည်သာလျှင် အကောင်းဆုံးနည်းလမ်းပင်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုသည် စတင်သည့် ၁၀ နှစ် တာကာလအတွင်း ခိုင်မာအားကောင်းလာခဲ့ပြီး အေးအတူပူအမျှ အသိုက်အဝန်းကို ဆက်လက်တည်ထောင်သွားရမည် ဖြစ်ကြောင်း၊ အဖွဲ့၏ရည်မှန်းချက်နှင့်အညီ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပြည်သူများအကြား စိတ်နှလုံးသားများ နီးစပ်ရမည်ဖြစ်ပြီး အေးအတူပူအမျှ အသိုက်အဝန်းကို ဆက်လက်ဖော်ဆောင် သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏အရေးကြီးသည့် အဖွဲ့ဝင်ဖြစ်သည်ကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံ၏ လိုအပ်သည်မှန်သမျှကို ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ဆွေးနွေးပြောကြားသည်။

 

အေးအတူပူအမျှခံစား

ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “ယခုကဲ့သို့ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခိုင်မာစေရေးအတွက် အဆွေတော်သမ္မတကြီး၏ အကြံပြု ပြောကြားမှုများအတွက် များစွာကျေးဇူးတင်ရှိပြီး မိမိအနေဖြင့် အလေးထားပါကြောင်း၊ အဆွေတော် တရုတ်နိုင်ငံ သမ္မတကြီး ဆွေးနွေးပြောကြားခဲ့သည့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ယုံကြည်မှုခိုင်မာစေရေး၊ အကျိုးစီးပွား ပေါင်းစည်းမှု ပိုမိုနက်ရှိုင်းစေရေး၊ လုံခြုံရေးအရခိုင်မာမှုနှင့် တရားဥပဒေ စိုးမိုးမှုရှိစေရေး၊ ပြည်သူများအကြား စိတ်နှလုံးနီးစပ်စေရေး စသည့်အချက် များကိုလည်း မိမိအနေဖြင့် အလေးထား ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကိုအသုံးပြု၍ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် ကိစ္စရပ်များ ဖြစ်ပေါ်မှုမရှိစေရေး အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား ၉၁ ဒသမ ၃ ရာခိုင်နှုန်းသည် ထေရဝါဒဗုဒ္ဓဘာသာ စစ်စစ်ကို ယုံကြည်ကိုးကွယ်ကြသူများ ဖြစ်ကြပြီး မြတ်ဗုဒ္ဓ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာများကို များစွာတန်ဖိုးထားပါကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓ၏စွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်ကြွချီပြီး မြန်မာပြည်သူများ ဖူးမြော်ကြည်ညိုခွင့်ရမည်ဆိုပါကအေးအတူပူအမျှ အသိုက်အဝန်းနှင့် ယှဉ်တွဲခံစားနေကြမှုများ ပိုမိုလေးနက်လာစေပြီး မြန်မာပြည်သူများကလည်း အထူးပင်ကျေးဇူးတင် ဝမ်းမြောက်ကြ မည်ဖြစ်ပါကြောင်း” ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် တို့သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုများ အပြန်အလှန် ဖလှယ်နိုင်ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေနိုင်ရုံသာမက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ နှစ်ပေါင်းထောင်ချီ တိုးတက်ခိုင်မာလာစေပြီး နှစ်နိုင်ငံပြည်သူများအကြား စိတ်နှလုံး သားချင်းနီးစပ်သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုများဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုလည်း စိတ်ရင်းမှန်ကန်စွာဖြင့် ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)