မောင်ငြိမ်းအေး

(ယမန်နေ့မှအဆက်)

ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံကြိုဆိုသည့် The Great Hall of the People (ပြည်သူ့ခန်းမဆောင်ကြီး)တွင် ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာရှီကျင့်ဖျင်တို့ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည့်သတင်းသည် မြန်မာ- တရုတ် နှစ်နိုင်ငံမျက်နှာစာများတွင်သာမက ကမ္ဘာ့သတင်းစာမျက်နှာများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည် ကိုတွေ့ရသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် နိုင်ငံတကာ မျက်နှာစာတွင် ကြီးကျယ်ခမ်းနားထည်ဝါပြီး ဝမ်းမြောက်ဂုဏ်ယူစရာကောင်းသော သမိုင်းဝင်နေ့ရက်များကို အကောင်အထည်ဖော်နိုင်ခဲ့သည်နှင့်အမျှ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာအားကောင်းလာခဲ့သည်။

ဇွန် ၁၆ ရက်နေ့က တရုတ်-မြန်မာ နှစ်နိုင်ငံသမ္မတကြီးနှစ်ဦး တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာများနှင့် သဘောတူစာချုပ်လဲလှယ်ခြင်း အခမ်းအနားများကို ဆက်လက်ကျင်းပပြုလုပ်ရာ ခမ်းနားထည်ဝါသော ခန်းမကြီးအတွင်းသို့ နှစ်နိုင်ငံသမ္မတကြီးနှစ်ဦး ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ခန်းမအတွင်းရှိ ကိုယ်စားလှယ်အဖွဲ့ဝင်များက မတ်တတ်ရပ် လက်ခုပ်တီး၍ ကြိုဆိုဂုဏ်ပြုကြသည့် မြင်ကွင်းသည် မြန်မာနိုင်ငံအတွက် စိတ်အားတက်ကြွပြီး ချမ်းမြေ့ဖွယ်ရာများဖြစ်စေနိုင်သည့် အကြိုပုံရိပ်များအဖြစ် ခံစားရသည်။ နှစ်နိုင်ငံခေါင်းဆောင် ကြီးများ ရင်းနှီးချစ်ကြည်စွာ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည့် အကျိုးရလဒ်များသည် အနာဂတ်ကာလတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအတွက် အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်လာစေမည့် အာမခံချက်များပင်ဖြစ်သည်။

လက်မှတ်ရေးထိုး

ရလဒ်များအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative-GSI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရများအကြား ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ (Global Civilization Initiative-GCI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင် ဦးရွက်ပြုမှု (Global Development Initiative-GDI) အကောင်အထည်ဖော် ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတို့ အပါအဝင် နှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍ၊ သတင်းမီဒီယာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကဏ္ဍ၊ နည်းပညာနှင့် အသိပညာဖလှယ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍတို့၌ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၁၈ ခုတို့ကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတမစ္စတာ ရှီကျင့်ဖျင်တို့၏ရှေ့မှောက်၌ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် The Great Hall of the People ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဝန်ကြီးချုပ်က “အဆွေတော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဝင်များအား မိမိတို့အနေဖြင့် လှိုက်လှဲနွေးထွေး စွာကြိုဆိုပါကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ချစ်ကြည်ရေးကို အလေးထားပေးမှုများအတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ ထောက်ခံအားပေး ရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် အဆွေတော်သမ္မတကြီး ဦးဆောင်မှုအောက်တွင် ပိုမိုစည်းလုံးပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံအကြားဆက်ဆံမှု ပိုမိုနက်ရှိုင်းစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတည်တံ့စေရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးတို့အတွက် အမြင်ချင်း ဖလှယ်ဆွေးနွေးလိုပါကြောင်း” ဦးစွာ ဆွေးနွေးပြောကြားသည်။

စံနမူနာပြအနေအထား

နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် “ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား အစဉ်အလာကောင်းမွန်လျက်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် မှုများကို ပိုမိုနက်ရှိုင်းခိုင်မာစေမည့် အရေးပါသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ ဆွေးနွေးမှုမှတစ်ဆင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် နည်းပညာ၊ ပြည်သူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကဏ္ဍ အပါအဝင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နှင့်အညီ ကာလရှည်ကြာစွာ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ကြကြောင်း၊ ယခုအခါ မိမိတို့၏ဆက်ဆံရေးသည် ပိုမိုနက်ရှိုင်းသည့် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်မှုအဆင့်ကို ရောက်ရှိ လာခဲ့ပြီဖြစ်ပြီး မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် နိုင်ငံတကာ ဆက်ဆံရေးတွင် စံနမူနာပြုရသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း။

ယခုအချိန်တွင် တရုတ်နိုင်ငံအနေဖြင့် (၁၅)ကြိမ်မြောက် ငါးနှစ်သက်တမ်း စီမံကိန်း ချမှတ်ကျင့်သုံးနေချိန် ဖြစ်သကဲ့သို့ မိမိတို့အစိုးရသစ်အနေဖြင့် လည်း ရေရှည်တည်တံ့သည့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက် နေချိန်ဖြစ်ကြောင်း၊ မိမိတို့အစိုးရသစ် လက်ထက်တွင် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများ ကိုဖော်ဆောင်နိုင်ရေး မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးတိုးမြှင့်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဆွေးနွေးပွဲမှထွက်ပေါ် လာသည့် ရလဒ်ကောင်းများကို နှစ်နိုင်ငံအကြား လက်တွေ့ကျကျ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟုလည်း အခိုင်အမာယုံကြည်ပါကြောင်း” ပြောကြားသည်။

ပိုမိုမြှင့်တင်ဆောင်ရွက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က “မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်နိုင်ငံများ ဖြစ်ကြပြီး နှစ်နိုင်ငံအကျိုးကျေးဇူးမြင့်မားသည့် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျကျ ဆက်လက်ဆောင်ရွက်သွားလိုပါကြောင်း၊ နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် ကျယ်ပြန့်စွာဆွေးနွေးလိုပြီး ထိရောက်သည့်အောင်မြင်မှု ရလဒ်များကို ရရှိလိုပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားကာကွယ်ရေးကို မြှင့်တင်ဆောင်ရွက်သွားလိုပါကြောင်း၊ ကုန်သွယ်မှုကဏ္ဍကိုလည်း ယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်သွားလိုပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့တွင် ချုပ်ဆိုနိုင်ခဲ့သည့် နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်များ အကောင်အထည်ဖော် ဆောင်ရွက်သွား နိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ကဏ္ဍစုံတွင် မြှင့်တင်နိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် နယ်စပ်ကုန်သွယ်မှုကို တရားဥပဒေစိုးမိုးမှုနှင့်အညီ စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မြန်မာ့လယ်ယာနှင့် MSME ထုတ်ကုန်များအတွက် Quarantine စံနှုန်းဆိုင်ရာ နည်းပညာပံ့ပိုးမှုမြှင့်တင်ရေးနှင့် နယ်စပ် ဖြတ်ကျော် တရားဥပဒေစိုးမိုးရေးကဏ္ဍများတွင် မဟာဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအင်လိုအပ်ချက်အတွက် တည်ငြိမ်သည့်စွမ်းအင် စနစ်တည်ဆောက်မှုနှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာပိုင်းတို့တွင် တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးနိုင်ရေး၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ လိုအပ်သည်များ ဆက်လက်ကူညီပံ့ပိုး ပေးနိုင်ရေး၊ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံစီမံကိန်းသည် နှစ်နိုင်ငံလုံးအတွက် အရေးပါသည့် စီမံကိန်းဖြစ်သည့်အတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေးတို့အပါအဝင် နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

လူမှုစီးပွားဘဝမြှင့်တင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော် အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့် ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲများမှ ပေါ်ထွက်လာသော ရလဒ်များသည် နှစ်နိုင်ငံ အကျိုးစီးပွားကိုဖြစ်ထွန်းမည့် အကျိုး ရလဒ်ကောင်းများဖြစ်နေသည်ကို အထင်အရှားတွေ့မြင်ရမည်ဖြစ်သည်။ နှစ်နိုင်ငံ စီးပွားရေးကို မြှင့်တင်ဆောင်ရွက်နိုင်ရေးအပြင် အထူးသဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြှင့်တင်ပေးခြင်း၊ မြင့်မားတိုးတက်လာ စေခြင်းတို့ကို ဖော်ဆောင်သည့်စီမံကိန်း လုပ်ငန်းများဖြစ်နေသည်ကို တွေ့မြင်နေရသဖြင့် တရုတ်နိုင်ငံခေါင်းဆောင်များက မြန်မာနိုင်ငံအပေါ်ထားရှိသည့် စေတနာများကို အသိအမှတ်ပြုရမည်ဖြစ်သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် (National People’s Congress - NPC) ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိနှင့် The Great Hall of the People ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌက “မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံမှု (၇၆)နှစ်မြောက်ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နှင့်အညီ နေထိုင်လျက်ရှိကြောင်း၊ ယခင်နှစ်က အဆွေတော် သမ္မတကြီးနှင့် မိမိတို့၏ တရုတ်နိုင်ငံ သမ္မတကြီးတို့အနေဖြင့် နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အရေးပါသည့်သဘော တူညီချက်များရရှိခဲ့ကြကြောင်း၊ ယနေ့နံနက်ပိုင်းတွင်လည်း ထပ်မံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား အနာဂတ်လမ်းပြပေးနိုင်မည့် အရေးကြီးသည့်တွေ့ဆုံဆွေးနွေးမှုများနှင့် သဘောတူညီမှုများကို ချမှတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သဘောတူညီချက်များနှင့်အညီ အပြန်အလှန်အကျိုးဖြစ်ထွန်းစေနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားလို ကြောင်းနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးဖြစ်ထွန်းစေလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွှတ်တော်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် လွှတ်တော်ဥက္ကဋ္ဌကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ လာရောက်ရန် ဖိတ်ခေါ်လိုပါကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရသစ်၏ဦးဆောင်မှုနှင့်အတူ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများစွာ မလွဲမသွေ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း” ဦးစွာဆွေးနွေးပြောကြားခဲ့သည်။

အိမ်နီးချင်းမိတ်ဆွေစစ်

ထို့နောက် နိုင်ငံတော်သမ္မတက “မြန်မာနိုင်ငံ၌ မန္တလေးငလျင်ကြီး ဖြစ်ပေါ်ကြုံတွေ့ခဲ့ရချိန်တွင် တရုတ်နိုင်ငံက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အစောဆုံးပေးအပ်ခဲ့ပြီး ပမာဏအများဆုံး ထောက်ပံ့ပေးခဲ့သည့်အတွက် အမြဲတန်ဖိုးထားလျက်ရှိပါကြောင်း၊ တရုတ် အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် မြန်မာ့လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားလိုပါကြောင်း၊ ယခုအချိန်တွင် ပြည်သူများက ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်များလည်း ပေါ်ထွန်းလာခဲ့ပြီဖြစ်သဖြင့် မြန်မာလွှတ်တော်အမတ်များကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ စေလွှတ်သွားလိုပြီး အဆိုပါလေ့လာ ရေးခရီးစဉ်များမှတစ်ဆင့် ဥပဒေပြုရေး လုပ်ငန်းစဉ်များ၊ လွှတ်တော်အုပ်ချုပ်မှုနှင့် ပြည်သူ့ကိုယ်စားပြုမှုဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် အတွေ့အကြုံ ဖလှယ်မှုများ ပြုလုပ်နိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံလွှတ်တော် ကိုယ်စားလှယ်များအကြား ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် မိမိတို့လွှတ်တော်များအကြား ဆက်ဆံမှု ပိုမိုနက်ရှိုင်းလာစေရန် မျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အစဉ်အမြဲ အားကိုးရသည့် အိမ်နီးချင်းကောင်းဖြစ်သည့်အပြင် “မိတ်ဆွေစစ်”လည်းဖြစ်ပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကျိုးအတွက် ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း” ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌတို့သည် နှစ်နိုင်ငံလွှတ်တော် အချင်းချင်း ပူး‌ပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် သွားနိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြရာ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းစေမည့် အလားအလာကောင်းများစွာ ရရှိခဲ့သည်။

သူရဲကောင်းစစ်သည်ဗိမာန်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော် အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၆ ရက် မွန်းလွဲပိုင်းတွင် Tiananmen Square ရှိ သူရဲကောင်း စစ်သည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချ၍ အလေးပြုသည်။ ပန်းခွေချအလေးပြုစဉ် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) စစ်တီးဝိုင်းအဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်သည်။ နိုင်ငံတော်သမ္မတသည် လွမ်းသူ့ပန်းခွေကိုင်အရာရှိ နှစ်ဦးနောက်၊ နိုင်ငံတော်သမ္မတ၏ နောက်တွင် တရုတ်နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့များ အသီးသီးနေရာယူကြပြီး လွမ်းသူ့ပန်းခွေချမည့်နေရာသို့ ချီတက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ စစ်တီးဝိုင်းအဖွဲ့၏ တီးမှုတ်မှုနှင့်အတူ သူရဲကောင်းစစ်သည် ဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုပြီးနောက် တရုတ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ပြန်လည်ထွက်ခွာခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။ နိုင်ငံတော်သမ္မတက မိမိတို့အနေဖြင့် နိုင်ငံတော်၏ စာမျက်နှာ သစ်ကို စတင်နေပြီဖြစ်ပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် လျှောက်လှမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ဖြတ်သန်းခဲ့သည့် သမိုင်းကြောင်း နောက်ခံအခြေအနေများကိုလည်း မှန်မှန် ကန်ကန်သိရှိကြရန်နှင့် မိမိတို့၏တာဝန် များကို ကျေပွန်အောင် ထမ်းဆောင်သွားကြ ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများကို အကျိုးရှိရှိအသုံးချပြီး အမှန်တကယ် အလုပ်လုပ်ကြမည်ဆိုပါက မိမိတို့နိုင်ငံအနေဖြင့် မလွဲမသွေ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

ပိုမိုအဆင်ပြေချောမွေ့

အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်၏ ပညာရေးကဏ္ဍကို မဖြစ်မနေ အားပေးမြှင့်တင်ရမည်ဖြစ်ပြီး မိမိတို့အနေဖြင့် အလေးထား အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အချင်းရှိသည့် သင်ကြားရေးဝန်ထမ်းများနှင့် ကလေးငယ်များ ပေါ်ထွက်လာရေး ဘက်ပေါင်းစုံမှအားပေး မြှင့်တင်လျက်ရှိကြောင်း၊ အသိပညာ၊ အတတ်ပညာများပြည့်ဝပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် လူသား အရင်းအမြစ်ကောင်းများကသာလျှင် အနာဂတ်နိုင်ငံတော်ကောင်းကို ပုံဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။ သံရုံး၊ စစ်သံရုံးဝန်ထမ်းများ၊ မိသားစုများအနေဖြင့် နိုင်ငံရပ်ခြားတွင် မိမိတို့နိုင်ငံတော်၏ တာဝန်များကို အတူတကွ လာ‌ရောက် ထမ်းဆောင်နေကြခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီစောင့်ရှောက်ကြရန်နှင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဝိုင်းဝန်းဆောင်ရွက် ကြရန်လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျသောကြောင့် နှစ်နိုင်ငံ အကျိုးတူစီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အခွင့်အလမ်း ရရှိစေရေး သံတမန်ဆက်ဆံရေးမှတစ်ဆင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ သံတမန်လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရာ၌ ပေါင်းသင်းဆက်ဆံမှု ကောင်းခြင်းသည် လုပ်ငန်းတာဝန်များ ပိုမိုအဆင်ပြေချောမွေ့စွာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း နိုင်ငံတော်မှ အရင်းအနှီးများစွာဖြင့် ပညာတော်သင်စေလွှတ်ခြင်းဖြစ်သဖြင့် အချိန်နှင့် အရင်းအနှီးများကို အကျိုးရှိရှိ အသုံးချနိုင်ရန်လိုကြောင်း။

မိမိတို့ဘဝ တိုးတက်ရေးအတွက်လည်း လေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှုများအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေလိုကြောင်း၊ ယနေ့ခေတ်သည် နည်းပညာ ခေတ်ဖြစ်ပြီး ဉာဏ်ရည်တု AI နည်းပညာသည်လည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ တရုတ်နိုင်ငံ၏ ခေတ်မီ နည်းပညာရပ်များကိုလည်း လေ့လာသွားကြရန်လိုပြီး မိမိတို့ဘဝတိုးတက်ရေးအတွက် နေ့စဉ် လူမှုဘဝတွင် အကျိုးရှိအောင် အသုံးချသွားကြရန်လိုကြောင်း၊ မိမိတို့ရောက်ရှိနေသည့် ပတ်ဝန်းကျင်ကောင်းကို အကျိုးရှိရှိ အသုံးချသွားနိုင်ကြရန်လိုကြောင်း၊ နိုင်ငံတော်အတွက် ဖြစ်သင့်သည်များကို ဆောင်ရွက်ခြင်း၊ မဖြစ်သင့်သည်များကို မလုပ်ဆောင်ခြင်း တို့ဖြင့် စေတနာထား၍ မိမိတို့တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း မှာကြားသည်။

မမောနိုင် မပန်းနိုင်

နိုင်ငံတော်သမ္မတသည် ဇွန် ၁၆ ရက် နံနက်ပိုင်းမှ ညအချိန်အထိ မမောနိုင် မပန်းနိုင် စိတ်လက်ကြည်သာစွာဖြင့် နိုင်ငံတော်အကျိုးအတွက် ထမ်းဆောင်ခဲ့သည်ကို တွေ့ရသည်။နံနက်ပိုင်းတွင် ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံကြိုဆိုသည့် The Great Hall of the People (ပြည်သူ့ ခန်းမဆောင်ကြီး)၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သမ္မတနှစ်ဦးရှေ့မှောက်တွင် နှစ်နိုင်ငံ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက နားလည်မှုစာချွန်လွှာများနှင့် သဘောတူစာချုပ်များ အပြန်အလှန် လက်မှတ် ရေးထိုးခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ Tiananmen Square ရှိ သူရဲကောင်း စစ်သည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချ၍ အလေးပြုခြင်း၊ ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြား ခြင်းနှင့် ညစာအတူသုံးဆောင်ပြီးနောက် တစ်နေ့တာ တာဝန်များပြီးဆုံးခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖော်နှင့် မဟာဗျူဟာ မိတ်ဖက်နိုင်ငံများဖြစ်ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အစဉ်အဆက် တည်ဆောက်ခဲ့ကြသည်။ ယနေ့ နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေး ခြင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်၊ တရုတ် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် နှစ်နိုင်ငံနှင့် ပြည်သူများအကြား အကျိုးဖြစ်ထွန်းစေနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာအစိုးရသစ်၏ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေမှုများကိုလည်း တရုတ်နိုင်ငံမှ အပြည့်အဝ အသိအမှတ်ပြုထောက်ခံခဲ့၍ ဆွေးနွေးမှုရလဒ်များအရ အောင်မြင် သည့်ခရီးစဉ်တစ်ခုဖြစ်ပြီး ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုထက် ပိုမိုနက်ရှိုင်းသည့် နှစ်နိုင်ငံအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်သည့် ခရီးစဉ်တစ်ခု ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)