မြန်မာ - တရုတ် နှစ်နိုင်ငံအဏ္ဏဝါသိပ္ပံဆိုင်ရာ ပူးပေါင်းသုတေသနလုပ်ငန်း

နေပြည်တော် ၁၅ မတ်

 

ကမ္ဘာ့ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် သမုဒ္ဒရာရေမျက်နှာပြင်သည် ကမ္ဘာ့ပင်လယ်သမုဒ္ဒရာရေမျက်နှာပြင် မြင့်တက်မှု၏အန္တရာယ်ကို ပင်လယ်နှင့်ထိစပ်နေသည့် ကမ်းရိုးတန်းဒေသတိုင်းက ခံစားရမည်ဖြစ်ပါသည်။  မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ပင်လယ်ကမ်းရိုးတန်းရှိသော နိုင်ငံများဖြစ်သကဲ့သို့ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာမျက်နှာပြင်မြင့်တက်မှု၏ အန္တရာယ်ကို ထိပ်ဆုံးမှ ရင်ဆိုင်နေရသော နိုင်ငံများလည်းဖြစ်ပါသည်။ ပညာရှင်တို့၏ ခန့်မှန်းတွက်ချက်မှုအရ လူဦးရေ ၁၄၇ သန်းမှ၂၁၆သန်းအထိ လက်ရှိနေထိုင်လျက်ရှိသော ဒေသတို့သည် ယခုရာစုနှစ် အကုန်၌ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားနိုင်ပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၉ ရာခိုင်နှုန်းသည် ကမ္ဘာ့ပင်လယ်သမုဒ္ဒရာရေမျက်နှာပြင် မြင့်တက်မှု၏ အန္တရာယ်ကိုရင်ဆိုင်ရနိုင်သကဲ့သို့ တရုတ်နိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းသည်လည်း ကမ္ဘာ့ပင်လယ် သမုဒ္ဒရာရေမျက်နှာပြင်မြင့်တက်မှု၏ အန္တရာယ်ကို ရင်ဆိုင်ရနိုင်ပါသည်။ ဤသည်မှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ကမ္ဘာ့ပင်လယ်သမုဒ္ဒရာရေထုက ဖန်းတီးပေးနိုင်သည့် အန္တရာယ်တစ်ရပ်သာဖြစ်ပါသည်။  ကမ္ဘာ့ပင်လယ် သမုဒ္ဒရာရေထု၏ များပြားသော အပြောင်းလဲ တို့သည် ကမ္ဘာ့လူသားတို့အား ခြိမ်းခြောက်စိန်ခေါ်လျက်ရှိပါသည်။

 

မြန်မာနိုင်ငံသည် ၁၉၃၀ ကီလိုမီတာခန့် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းအား ပိုင်ဆိ်ုင်ထားသည်ဖြစ်၍ ဤမြန်မာ့ပင်လယ်ကမ်းရိုးတန်းတို့နှင့် ထိစပ်လျက်ရှိသော ကပ္ပလီပင်လယ် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ် (Bay of Bengal) တို့၏ အပြောင်းအလဲအခြေအနေတို့ကို ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်းသိထားရန် လိုအပ်လျက်ရှိပါသည်။ သို့သော် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်တို့အား စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် သုတေသန ပြုလုပ်ရေးသည် မြန်မာတစ်နိုင်ငံတည်း၏ အင်အားဖြင့်စွမ်းဆောင်နိုင်သော ကိစ္စရပ်မဟုတ်ပါ။ နိုင်ငံတကာ၏ ပူးပေါင်းကူညီမှုအား ရယူရမည့်ကိစ္စရပ်ဖြစ်ပါသည်။  မြန်မာနိုင်ငံ၏ ဤလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပူးပေါင်းဆောင်ရွက်ခဲ့သည်ဖြစ်ရာကျေးဇူးတင် ဝမ်းမြောက်ရမည့်ကိစ္စရပ် ဖြစ်ပါသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသနရေယာဉ် XIANG YANG HONG 03 သည် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အတွင်း အ္ဏဝါသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းတို့ကို၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။  မြန်မာ-တရုတ်နှစ်နိုင်ငံ သိပ္ပံပညာရှင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့သော အဏ္ဏဝါသိပ္ပံဆိုင်ရာ ပူးပေါင်းသုတေသနလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။

 

ဤ အဏ္ဏဝါသုတေသနလုပ်င်း၌ အဓိကရည်ရွယ်ချက်လေးရပ်ရှိသည်ကို တွေ့ရှိရပါသည်။ ပထမရည်ရွယ်ချက်သည် အရှေ့အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်ပင်လယ်တို့၏ အပြောင်းအလဲကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သော မိုးလေဝသအခြေအနေတို့ကို သုတေသနပြုလုပ်ရန်ဖြစ်ပြီး ဒုတိယရည်ရွယ်ချက်သည် မြန်မာ့ပင်လယ်ပြင်အတွင်းရှိ ငါးသယံဇာတများ အထိုက်အလျောက် ထိန်းသိမ်းနိုင်စေရန်နှင့် ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်စေရန် ဖြစ်ပါသည်။ တတိယရည်ရွယ်ချက်သည် မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသ၏ ဂေဟစနစ်ထိန်းသိမ်းမှုလုပ်ငန်းများ အကောင်အထည်ဖော်စေရန်ဖြစ်ပါသည်။ စတုတ္ထရည်ရွယ်ချက်သည်မြန်မာ-တရုတ် နှစ်နိုင်ငံသုတေသနပညာရှင်တို့က ပင်လယ်ပြင်ဆိုင်ရာ သုတေသနလုပ်ငန်းတို့ကို အတူတကွပူးပေါင်းလုပ်ဆောင်ရန် ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ ကျယ်ပြန့်မြင့်မားသော ရည်ရွယ်ချက်တို့ဖြင့်ဆောင်ရွက်ခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံအဏ္ဏဝါ သိပ္ပံဆိုင်ရာ ပူးပေါင်းသုတေသနလုပ်ငန်းအား ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း