မြန်မာ ယူ-၁၅ အမျိုးသားအသင်းနည်းပြချုပ်အဖြစ် တော်စတန်ဖရန့်ခ်ကို နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်

၂၀ ဇူလိုင်

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၅ အမျိုးသားအသင်းနည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား တော်စတန်ဖရန့်ခ်ကို နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်သည်။


တော်စတန်ဖရန့်ခ်သည် ဘူတန်လက်ရွေးစင်အသင်းနှင့် ဂျာမနီ၊ ယီမင်၊ နီပေါလူငယ်အသင်းတို့ကို ကိုင်တွယ်ခဲ့ ဖူးသူဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြန်မာ ယူ-၁၅ အသင်းအတွက် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ 


နည်းပြသစ်သည် ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့် အာဆီယံ ယူ-၁၅ ပြိုင်ပွဲတွင် စတင် ကိုင်တွယ်ရမည်ဖြစ်ပြီး ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့်နိုင်ငံတကာပြိုင်ပွဲနှစ်ခုတွင် အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရအောင် စွမ်းဆောင်ပေးရမည် ဖြစ်သည်။ 


တော်စတန်ဖရန့်ခ်သည် ဇူလိုင် ၂၀ ရက်တွင် မြန်မာ ယူ-၁၅ အသင်းကို စတင်ကိုင်တွယ်နေပြီဖြစ်ပြီး အာဆီယံ ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် တစ်ပတ်ကျော်သာ ရမည်ဖြစ်သည်။ နည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့သည့် ဂျပန်နိုင်ငံသား နည်းပြ တာကူမာမှာမူ လက်ထောက်နည်းပြအဖြစ် ပြောင်းလဲတာဝန်ယူမည် ဖြစ်သည်။


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မူလက မြန်မာ ယူ-၁၅ အမျိုးသားအသင်းနည်းပြချုပ်အဖြစ် နယ်သာလန် နိုင်ငံသား မာရီနတ်စ်ကို ခန့်အပ်ရန် သဘောတူညီမှုရခဲ့သော်လည်း နောက်ဆုံးအချိန်တွင် ပျက်ပြယ်ခဲ့သောကြောင့် ဂျာမနီနိုင်ငံသား တော်စတန်ဖရန့်ခ်ကို ပြောင်းလဲ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။


ညီမြတ်သော်တာ