မြန်မာ ယူ-၁၆ လူငယ်လက်ရွေးစင် အမျိုးသားအသင်း MNL ယူ-၂၀ လိဂ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်  

 

ရန်ကုန်၊ မေ  ၂၈

 

နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၆ လူငယ်လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းသည် ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရစေရန် ဇွန်လတွင် စတင်ကျင်းပမည့် ၂၀၂၄ ရာသီ MNL ယူ-၂၀ လိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

မြန်မာ ယူ-၁၆ အမျိုးသားအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား မီတမီချီတာယုက ကိုင်တွယ်နေပြီး ယခုနှစ်အတွင်းကျင်းပမည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအတွက် ပြင်ဆင် နေခြင်းဖြစ်သည်။ လက်ရှိဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၆ အသင်းပဏာမ လူစာရင်းတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ကျင်းပပြီးစီးခဲ့သည့် FIFA-MFF ယူ-၁၅ လိဂ်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သည့် ကစားသမားများ၊ အကယ်ဒမီကျောင်းများမှ ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး ယင်းကစားသမားများ အတွေ့အကြုံရစေရန် ပြည်တွင်းလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ၂၀၂၄ ရာသီ MNL ယူ-၂၀ လိဂ်ပြိုင်ပွဲကို ဇွန်လမှ ဒီဇင်ဘာ လအထိ အသင်း ၁၃ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၁၆ အသင်းသည် Junior Lions အသင်းအမည်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၂၄ ရာသီ  MNL ယူ-၂၀ လိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ဒဂုံစတား၊ အား/ကာသိပ္ပံ၊ ရခိုင်ယူနိုက်တက်၊ ရတနာပုံ၊ မဟာယူနိုက်တက်၊ သစ္စာအားမာန်၊ Dagon Port  ၊ မြဝတီ၊ ဧရာဝတီ နှင့် Junior Lions အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ 

 

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF