မြန်မာ ယူ-၁၈ အသင်း ဂျပန်ခရီးစဉ် ပထမဆုံးခြေစမ်းပွဲတွင် အနိုင်ရ

၁၈ ဇူလိုင်

ဂျပန်နိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၁၈ အသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲက ဆီရီဇိုအိုဆာကာ ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာ ယူ-၁၈ အသင်းသည် ပထမပိုင်းတွင် သွင်းယူသည့်ဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ပထမဆုံးပွဲတွင် အနိုင်ရလဒ်ဖြင့် စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲအစ ၈ မိနစ်တွင် မြန်မာ ယူ-၁၈ အသင်း ဂိုးစရခဲ့ပြီး ဇော်ဝင်းသိန်း၏ ဖန်တီးပေးမှုကို စောကျော်အဲက ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ၃၂ မိနစ်တွင် ဆီရီဇိုအိုဆာကာ ယူ-၁၈ အသင်းက ချေပဂိုးပြန်သွင်းခဲ့ပြီး မြန်မာအသင်းအတွက် အနိုင်ဂိုးကို ပထမပိုင်းပြီးခါနီးတွင် လမင်းထွေးက သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဆီရီဇိုအိုဆာကာ ယူ-၁၈ အသင်း ချေပဂိုးရရန် ကြိုးစားသော်လည်း မြန်မာနောက်ခံလူများနှင့် ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့သည်။

မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင် ၂၅ ရက်အထိ အိုဆာကာမြို့၌ လေ့ကျင့်မည်ဖြစ်ပြီး ဇူလိုင် ၂၁ ရက်တွင် အိုဆာကာဆန်ဂျိုတက္ကသိုလ်အသင်း၊ ဇူလိုင် ၂၄ ရက်တွင် ဟန်နန်တက္ကသိုလ်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MFF