မြန်မာ ယူ-၁၈ အသင်း ဂျပန်နိုင်ငံ အိုဆာကာမြို့၌ စတင်လေ့ကျင့်

၁၆ ဇူလိုင်

၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ရောက်ရှိနေသည့် မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင် ၁၆ ရက်ညနေပိုင်းမှစ၍ လေ့ကျင့်မှုပြုလုပ်လျက်ရှိသည်။

 

544

 

မြန်မာ ယူ-၁၈ အသင်းသည် ဂျပန်နိုင်ငံ၌ လေ့ကျင့်ရန် ဇူလိုင် ၁၅ ရက် ညပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး ဇူလိုင် ၁၆ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် အိုဆာကာမြို့သို့ ရောက်ရှိခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်အထိ လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်းသည် ခြေစမ်းပွဲအဖြစ်  ဇူလိုင် ၁၈ ရက်တွင် ဆီရီဇိုအိုဆာကာ ယူ-၁၈ အသင်း၊ ဇူလိုင် ၂၁ ရက်တွင် အိုဆာကာဆန်ဂျိုတက္ကသိုလ်အသင်း၊ ဇူလိုင် ၂၄ ရက်တွင် ဟာနန်တက္ကသိုလ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်ရန် သွားရောက်ခြင်းဖြစ်ပြီး ယခုခရီးစဉ်သို့ ကစားသမား ၂၅ ဦး ခေါ်ဆောင်သွားသည်။  

ခြေစမ်းပွဲကစားမည့်  မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူ-ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး-ပြည့်ဖြိုးသူ၊ နေလင်းထက်၊ စောထက်၊ နောက်တန်း-ကောင်းခန့်ကျော် (၁)၊ ရဲထက်အောင်၊ စည်သူမိုးခန့်၊ ရှင်းသန့်အောင်၊ သက်ဟိန်းစိုး၊ မျိုးကိုကိုလင်း၊ စောထောနေမူး၊ ညဏ်လင်းထက်၊ ဝေယံစိုး၊ အလယ်တန်း-ရန်ကျော်စိုး၊ နောင်နောင်စိုး၊ ဇော်ဝင်းသိန်း၊ ရဲမင်းကျော်၊ လမင်းထွေး၊ သြဘာခ၊ မိုးဆွေ၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ အောင်ကိုဦး၊ ရှေ့တန်း-စောကျော်အဲ၊ ညီညီ၊ ကောင်းဇင်မိုးတို့ လိုက်ပါသွားသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF