မြန်မာ ယူ-၁၈ အသင်း ခြေစမ်းပွဲတွင် ရှုံးပွဲကြုံတွေ့

ရဲရင့်ရှိုင်း

၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၁၈ အသင်းသည် ဒုတိယခြေစမ်းပွဲအဖြစ် ယနေ့ဒေသစံတော်ချိန် ညနေ ၅ နာရီက အိုဆာကာဆန်ဂျိုတက္ကသိုလ်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။


မြန်မာ ယူ-၁၈ အသင်းသည် အာဆီယံပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်ရန် လာရောက်လေ့ကျင့်ခြင်းဖြစ်သောကြောင့် ပွဲထွက်လူစာရင်းကို ခြောက်ဦးထိ ပြောင်းလဲကာ ကစားခဲ့ပြီး ပွဲချိန်အတွင်း ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသော်လည်း ၆၅ မိနစ်တွင် ပေးလိုက်ရသည့်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဂျပန်ခြေစမ်းခရီးစဉ်တွင် နှစ်ပွဲကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားပြီး နောက်ဆုံးပွဲအဖြစ် ဇူလိုင် ၂၄ ရက်တွင် ဟန်နာတက္ကသိုလ်အသင်းနှင့် ထပ်မံခြေစမ်းမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ လေ့ကျင့်နေခြင်းဖြစ်သည်။