မြန်မာ ယူ-၁၈ အသင်း၏ ဂျပန်ခြေစမ်းခရီးစဉ် ပြီးဆုံး

၂၄ ဇူလိုင်

 


၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ သွားရောက်လေ့ကျင့်ခဲ့သည့် မြန်မာ ယူ-၁၈ အသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် ယနေ့ညနေပိုင်းက ဟန်နန်တက္ကသိုလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ငါးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

 


ဟန်နန်တက္ကသိုလ်အသင်းသည် မြန်မာအသင်းခြေစမ်းခဲ့သည့် အသင်းများထက် ပိုမိုကောင်းမွန်သောကြောင့် မြန်မာ ယူ-၁၈ အသင်းအနေဖြင့် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပထမပိုင်းတွင် သုံးဂိုး၊ ဒုတိယပိုင်းတွင် နှစ်ဂိုးပေးလိုက်ရခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ဒဏ်ရာမှ ပြန်ကောင်းလာသည့် ဂိုးသမား ပြည့်ဖြိုးသူမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သည်။ ဇူလိုင် ၁၆ ရက်မှစ၍ အိုဆာကာမြို့၌ လေ့ကျင့်ခဲ့ပြီး ဇူလိုင် ၂၅ ရက်တွင် နောက်ဆုံးလေ့ကျင့်မှု ပြုလုပ်မည် ဖြစ်သည်။

 


မြန်မာ ယူ-၁၈ အသင်းသည် ဂျပန်ခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲကစားခဲ့ရာ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဆီရီဇိုအိုဆာကာ ယူ-၁၈ အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ကင်ဒိုင်းတက္ကသိုလ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဟန်နန် တက္ကသိုလ်အသင်းကို ငါးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ 

 


မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင် ၂၆ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

 

ရဲရင့်ရှိုင်း