မြန်မာ ယူ-၁၈ အသင်း၏ ဂျပန်ခြေစမ်းခရီးစဉ် ပြီးဆုံး

၂၅ ဇူလိုင်

၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ သွားရောက်လေ့ကျင့်ခဲ့သည့် မြန်မာ ယူ-၁၈ အသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် ဇူလိုင် ၂၄ ရက် ညနေပိုင်းက ဟန်နန်တက္ကသိုလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ငါးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ဟန်နန်တက္ကသိုလ်အသင်းသည် မြန်မာအသင်းခြေစမ်းခဲ့သည့် အသင်းများထက် ပိုမိုကောင်းမွန်သောကြောင့် မြန်မာ ယူ-၁၈ အသင်းအနေဖြင့် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပထမပိုင်းတွင် သုံးဂိုး၊ ဒုတိယပိုင်းတွင် နှစ်ဂိုး ပေးလိုက်ရခြင်းဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ဒဏ်ရာမှ ပြန်ကောင်းလာသည့် ဂိုးသမားပြည့်ဖြိုးသူမှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင် ၁၆ ရက်မှစ၍ အိုဆာကာမြို့၌ လေ့ကျင့်ခဲ့ပြီး ဇူလိုင် ၂၅ ရက်တွင် နောက်ဆုံးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်းသည် ဂျပန်ခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲကစားခဲ့ရာ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဆီရီဇိုုအိုဆာကာ ယူ-၁၈ အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ကင်ဒိုင်းတက္ကသိုလ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဟန်နန်တက္ကသိုလ်အသင်းကို ငါးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင် ၂၆ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ရဲရင့်ရှိုင်း