မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း မန္တလေးမြို့၌ ခြေစမ်းပွဲလေးပွဲ ကစားမည်

၁ အောက်တိုဘာ

 

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ နောက်ဆုံးပြင်ဆင်မှုအဖြစ် မန္တလေးမြို့၌ ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ မန္တလေးမြို့၌ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ပြည်ပခြေစမ်းပွဲနှစ်ပွဲနှင့် ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြည်ပခြေစမ်းပွဲအဖြစ် အောက်တိုဘာ ၁၁၊ ၁၃ ရက်တွင် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားမည် ဖြစ်သည်။ ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှခြေစစ်ပွဲ အောင်မြင်ထားသည့် အသင်းဖြစ်ပြီး မြန်မာအမျိုးသမီး အသင်းအတွက် အကျိုးရှိမည့် ခြေစမ်းပွဲလည်း ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဗီယက်နမ်နှင့် ခြေစမ်းပွဲပြီးပါက ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်တွင် အား/ကာသိပ္ပံအသင်း၊ အောက်တိုဘာ ၁၈ ရက်တွင် မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး) ယူ-၁၄ အမျိုးသားအသင်းတို့နှင့် ခြေစမ်းကစားမည်ဖြစ်သည်။

 

မြန်မာအမျိုးသမီး အသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းသည် ယင်းခြေစမ်းပွဲလေးပွဲပြီးမှ အပြီးသတ် ကစားသမား၏ ၂၃ ဦး ရွေးချယ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကို ကစားသမား ၂၈ ဦးဖြင့် ဖွဲ့စည်းထားပြီး ဇူလိုင် ၁ ရက်တွင် စခန်းဝင်လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။

 

မြန်မာအသင်းသည် သုံးလကျော်အတွင်း နိုင်ငံတကာ ခြေစမ်းပွဲတစ်ပွဲ အပါအဝင် ပြည်တွင်း ခြေစမ်းပွဲများ ကစားထားပြီး နောက်ဆုံးကစားထားသည့် လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲတွင် သုံးဂိုး-နှစ်ဂိုးဖြင့်သာ ရှုံးနိမ့်ခဲ့သည်။

 

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် အိမ်ရှင် ထိုင်း၊ မြောက်ကိုရီးယား၊ ဩစတြေးလျ၊ ဗီယက်နမ်၊ အုပ်စု (ခ)တွင် လက်ရှိချန်ပီယံ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်

 

mdn