မြန်မာ ယူ-၂၂ အသင်း ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲများကစားရန် မနက်ဖြန် ထွက်ခွာမည်

၂ စက်တင်ဘာ 


ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းသည် ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် စက်တင်ဘာ ၃ ရက်တွင် ထွက်ခွာမည်ဖြစ်သည်။


မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် သြဂုတ် ၁၉ ရက်တွင် စတင်လေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် စက်တင်ဘာ ၃ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံ ချင်းရိုင်မြို့၌ သွားရောက်လေ့ကျင့်ကာခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ကစားသမား ၃၀ ကျော်ဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ဒဏ်ရာနှင့် နေမကောင်းဖြစ်နေသည့် ဇေယျာနိုင်၊ နန်းထိုက်ဇော်၊ ဇင်မင်းထွန်း၊ ထက်ဖြိုးဝေ၊ စအောင်ပြည့်ကို၊ ပြည့်စုံနိုင်၊ ရဲရင့်အောင်-၂၊ သူရိန်စိုး၊ ဇွဲသက်ပိုင်၊ သန်းထိုက်ဇင်၊ ပြည့်မောင်မောင်၊ စိုးထက်ဝင်း၊ ဝင်းမိုးကျော်နှင့် မင်းမြတ်စိုး၊ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းတွင် ပါဝင်သွားသည့်စိုးမိုးကျော်နှင့် လွင်မိုးအောင်တို့ မပါဝင်ဘဲ ကျန်ကစားသမား ၂၃ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ထိုင်းခြေစမ်းခရီးစဉ်တွင် ထိုင်းလိဂ်-၁ ကလပ်အသင်းများနှင့် ခြေစမ်းပွဲကစားမည်ဖြစ်ပြီး စက်တင်ဘာ ၅ ရက် တွင် ချင်းရိုင်ယူနိုက်တက်အသင်း၊ စက်တင်ဘာ ၈ ရက်တွင် ချင်းမိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ခြေစမ်းပွဲကစားမည့် မြန်မာ ယူ-၂၂ အသင်းတွင် နည်းပြချုပ်-ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ-ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်း၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ ကစားသမားများအဖြစ် ဂိုး-ဆန်းဆက်နိုင်၊ ဘုန်းသစ္စာမင်း နောက်တန်း-ကျော်သူထွန်း၊ ဟိန်းဖြိုးဝင်း၊ ရဲမင်းသူ၊ ရဲရင့်အောင်(၁)၊ ကျော်ဖြိုးဝေ၊ ထူးခန့်လွင်၊ အောင်ဝဏ္ဏစိုး၊ ဇင်ရဲနောင်၊ အလယ်တန်း-အောင်နိုင်ဝင်း၊ ဝေလင်းအောင်၊ ကျော်မျိုးနိုင်၊ မျိုးမင်းဖြိုး၊ နေမိုးနိုင်၊ မြတ်ကောင်းခန့်၊ကောင်းထက်စိုး၊ စိုးလွင်လွင်၊ ရှေ့တန်း-အောင်ကောင်းမာန်၊ ထက်လင်းလင်း၊ ဝင်းနိုင်ထွန်း၊ ဟိန်းထက်အောင်နှင့် သန့်ဇင်မြင့်တို့ ပါဝင်ကြသည်။ 


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-ဖိုးသော်ဇင်