မြန်မာ ယူ-၂၂ အသင်း တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းကို အနိုင်ယူ

ရန်ကုန် ၃၀ မေ

 

မြန်မာနိုင်ငံတွင် ခြေစမ်းပွဲလာရောက်ကစားသည့် တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းနှင့် မြန်မာ ယူ-၂၂ အသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ မြန်မာ ယူ-၂၂ အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

mdn


မြန်မာ ယူ-၂၂ အသင်းသည် ယခုပွဲတွင် ပုံစံကောင်းပြသနိုင်ခဲ့ပြီး အာရှထိပ်သီး တောင်ကိုရီးယား နိုင်ငံမှ  ပိုဟန်စတီးလားစ်အသင်းကို အနိုင်ကစားနိုင်ခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ယခုခြေစမ်းပွဲတွင် ရွေးချယ်ထားသည့် ကစားသမားအားလုံးနီးပါး အသုံးပြုခဲ့ပြီး ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲအကြို ရလဒ်ကောင်းရခဲ့ခြင်းဖြစ်သည်။  ပိုဟန်စတီးလားစ်အသင်းသည် တစ်ရက်ခြားနှစ်ပွဲ ကစားရသောကြောင့် ထင်သလောက် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ မိုးရွာသွန်းမှုကြောင့်လည်း ခက်ခက်ခဲခဲ ကစားခဲ့ရသည်။


မြန်မာ ယူ-၂၂ အသင်းသည် ပထမပိုင်းတွင် ဘုန်းသစ္စာမင်း၊ ကျော်သူထွန်း၊ ရဲမင်းသူ၊ ရဲရင့်အောင်၊ ဟိန်းဖြိုးဝင်း၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း၊ ကျော်မျိုးနိုင်၊ ဟိန်းထက်အောင်၊ ဝင်းနိုင်ထွန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ ပိုဟန်စတီးလားစ်အသင်းသည် ပထမခြေစမ်းပွဲတွင် ဧရာဝတီကို အနိုင်ယူခဲ့သည့် ပွဲထွက်လူစာရင်းကို အနည်းငယ်သာပြောင်းလဲခဲ့ပြီး ပွဲအစတွင် တိုက်စစ်ဖွင့်ကစားခဲ့သည်။

 

သို့သော် မြန်မာ ယူ-၂၂ အသင်းက ပိုဟန်စတီးလားစ်အသင်းတိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ၂၃ မိနစ်တွင် အောင်နိုင်ဝင်း၏ အဝေးကန်ချက်ဖြင့် ဂိုးစရခဲ့သည်။ ယင်းဂိုးမှာ ပိုဟန်စတီးလားစ်အသင်းဂိုးသမား ကာကွယ်သော်လည်း လက်မှလွတ်ပြီး ဂိုးဝင်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် မြန်မာ ယူ-၂၂ အသင်းက ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး ၃၇ မိနစ်တွင် ဟိန်းထက်အောင်၏ ဖန်တီးပေးမှုကို ဝင်းနိုင်ထွန်းက ပိတ်သွင်းယူခဲ့၍ ဒုတိယဂိုးရခဲ့သည်။


ဒုတိယပိုင်းတွင် မြန်မာအသင်းက ကစားသမားအားလုံး လဲလှယ်ခဲ့သည်။ ဒုတိယပိုင်းတွင် ပိုဟန်စတီးလားစ်အသင်းက ချေပဂိုးရရန် ကြိုးစားခဲ့သော်လည်း မြန်မာခံစစ် အမှားမရှိသောကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ၇၃ မိနစ်တွင် မြန်မာ ယူ-၂၂ အသင်း တတိယဂိုးရခဲ့ပြီး ကောင်းထက်စိုးက သွင်းယူခဲ့ခြင်းဖြစ်သည်။

 

ပိုဟန်စတီးလားစ်အသင်းအတွက် ချေပဂိုးကို ၇၅ မိနစ်တွင် ကင်ဒေါင်ဘင်က သွင်းယူခဲ့သည်။မြန်မာ ယူ-၂၂ အသင်းသည် ဇွန် ၇ ရက်တွင် ကစားမည့် ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး ယင်းပွဲမတိုင်မီ ရလဒ်ကောင်းရယူနိုင်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းသည် မြန်မာနိုင်ငံခရီးစဉ်တွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးခဲ့သည်။


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - ဖိုးသော်ဇင်