မြန်မာ့အာမခံလုပ်ငန်းက အိမ်ရာချေးငွေ တစ်ဆင့်အာမခံ အမျိုးအစားသစ် စတင်ရောင်းချခြင်း မိတ်ဆက်အခမ်းအနားကျင်းပ

ရန်ကုန်  ၆   ဖေဖော်ဝါရီ 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်းနှင့် Shin Ye Htut Group တို့ ပူးပေါင်းဆောင်ရွက်သည့် အိမ်ရာချေးငွေ တစ်ဆင့်အာမခံ အမျိုးအစားသစ်(Housing Insurance Package-HIP)စတင်ရောင်းချခြင်းမိတ်ဆက် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ရှိ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ စန္ဒာဦးက ``နိုင်ငံတော်အစိုးရက တန်ဖိုးနည်းအိမ်ရာတို့၊ တန်ဖိုးမျှအိမ်ရာတို့ကို အကောင်အထည်ဖော်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအတွက်လည်း ဒီစီမံကိန်းက ကြီးမားတဲ့စီမံကိန်းဖြစ်ပါတယ်။ အိမ်ရာလိုအပ်ချက်တွေပြည့်မီဖို့ နိုင်ငံတော်က ဆောင်ရွက်နေတဲ့ မူဝါဒထဲမှာ မြန်မာ့အာမခံလုပ်ငန်းက တစ်တပ် တစ်အားနဲ့ အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်မတို့အိမ်ရာချေးငွေနဲ့ ပတ်သက်တဲ့ အာမခံစနစ်ကို စီစဉ်လိုက်တာ ဖြစ်ပါတယ်´´ဟု ပြောကြားသည်။

ဆက်လက်၍ ``လက်ရှိမှာ တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာတွေကို ဝယ်ယူလျက်ရှိရာမှာ အရစ်ကျစနစ်နဲ့ ပေးကြပါတယ်။ ၁၀ နှစ်ဆိုလည်း ၁၀ နှစ်၊ နှစ် ၃၀ ဆိုလည်း နှစ် ၃၀ စသဖြင့် သက်ဆိုင်ရာဘဏ်တွေရဲ့ ပေါ်လစီအတိုင်း သွားကြပါတယ်။ အဲဒီအခါမှာ မမြင်နိုင်တဲ့ ကံကြမ္မာတွေရှိပါတယ်။ တစ်ခါတစ်လေ အရစ်ကျသွင်း နေရင်းနဲ့ အိမ်ထောင်ဦးစီးတို့ အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်တာတို့၊ ထာဝစဉ်မသန်မစွမ်း ဖြစ်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ချေးငွေနဲ့ဝယ်ထားတဲ့ အိမ်ကို မီးကူးစက်လောင်တာတို့၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးတာတို့ စတဲ့ မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့ အန္တရာယ်အမျိုးအစား(၁၄)မျိုးကို တစ်စုတစ်စည်းတည်းပေါင်းပြီး Package အနေနဲ့ အိမ်ရာဝယ်မယ့်သူတွေအတွက် အာမခံအကာအကွယ်ပေးချင်လို့  မြန်မာ့အာမခံလုပ်ငန်းက ဒါလေးတွေစီစဉ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်´´ဟု ၎င်းက ပြောကြားသည်။

ထို့နောက် မြန်မာ့အာမခံလုပ်ငန်း အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်း က အိမ်ရာချေးငွေတစ်ဆင့်အာမခံလုပ်ငန်း (Housing Insurance Package)နှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများနှင့် သတင်းမီဒီယာများ၏  မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။

Shin Ye Htut Group ဥက္ကဋ္ဌ ဦးရဲထွဋ်က `` HIP အာမခံမှာ ထူးခြားတာက အသက်အာမခံရော၊ မီးအာမခံရော၊ ရေဘေးရော၊ ငလျင်ဘေးရော၊ မုန်တိုင်းဘေးရော အလုံးစုံအပိုအာမခံ(၁၄)မျိုး ပါရှိပါတယ်။ ဘဏ်ကတစ်ဆင့်ဖြစ်ဖြစ် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခုကပဲဖြစ်ဖြစ် ငွေချေးယူပြီး အိမ်ရာဝယ်ယူတဲ့အခါမှာ အသက်အာမခံ ရှိတဲ့အတွက် အိမ်ရာဝယ်ယူသူမိသားစုတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်သလို ငွေကြေးထုတ်ချေးပေးတဲ့ဘဏ်နဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေကလည်း စိတ်ချလုံခြုံစွာ ငွေထုတ်ချေးပေးနိုင်မှာ ဖြစ်ပါတယ်။ 

အိမ်ကိုဝယ်ယူပြီးသည့်နောက်မှာလည်း အိမ်ရာနဲ့ပတ်သက်တဲ့ အပိုအာမခံ (၁၄)မျိုးဖြစ်တဲ့ ရေကြီးတာ၊ မီးလောင်တာ၊ မုန်တိုင်းတိုက်တာ၊ မြေငလျင်လှုပ်တာ၊ အိမ်တွင်းဖောက်ထွင်းခိုးယူဝင်ရောက်တာ၊ ပေါက်ကွဲမှုဖြစ်တာ၊ မှန်ကွဲတာကအစ ထပ်မံပါရှိပြီး အိမ်ရာဝယ်ယူသူ အိမ်ထောင်ဦးစီးကွယ်လွန်သည်ဖြစ်စေ၊ ထာဝရ မသန်မစွမ်းဖြစ်လျှင်ဖြစ်စေ အိမ်ရာလျော်ကြေးငွေကို နိုင်ငံတော်ပိုင် မြန်မာအာမခံ လုပ်ငန်းက တစ်ဆင့် ပေးအပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ 

ဒါကြောင့် သက်ဆိုင်ရာဘဏ်အသီးသီးနှင့် ငွေရေးကြေးရေးအဖွဲ့အစည်း အသီးသီးက သက်သာတဲ့ အတိုးနှုန်းထားနဲ့ ချေးယူပြီး နှစ်ရှည်အိမ်ရာဝယ်ယူသူများ အနေဖြင့် အလွန်သက်သာတဲ့ အာမခံနှုန်းထားကို လစဉ်အနည်းငယ်သာ ပေးဆောင်ရပြီး စိတ်လက်ချမ်းသာစွာ နောက်ဆံမတင်းရဘဲ အိမ်ရာပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 

အိမ်တန်ဖိုးကို တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာ၊ တန်ဖိုးလတ်အိမ်ရာ၊ တန်ဖိုးကြီးအိမ်ရာတွေဆိုပြီး တစ်ဆင့်ပြီးတစ်ဆင့် အာမခံထားရှိပေးမှာ ဖြစ်ပါတယ်။ 

အထူးသဖြင့် Housing Insurance Package ရဲ့ အသက်နှင့် အိမ်ရာအလုံးစုံ အာမခံအနေနဲ့ အဓိကလုပ်ဆောင်ပေးချင်တာကတော့ အိမ်ပိုင်မရှိသူတွေ အိမ်ရာ ပိုင်ဆိုင်လာနိုင်ဖို့၊ နိုင်ငံသားများနှင့် ဝန်ထမ်းများ၊ ပင်စင်စားများတန်ဖိုးနည်း အိမ်ရာ တွေဝယ်ယူနိုင်ဖို့အဓိကထားပြီး အာမခံပေးချင်တာ ဖြစ်ပါတယ်´´ဟု မြန်မာ့သတင်းစဉ် ၏ မေးမြန်းမှုကို ရှင်းလင်းပြောကြားသည်။

မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက `` အိမ်ရာ လိုအပ်ချက်ကလည်း ကျွန်မတို့ သုတေသနလုပ်ကြည့်တော့ တော်တော်များပါ တယ်။ အခုဆို ရန်ကုန်တိုင်းဒေသကြီးကလည်း အိမ်ရာတစ်သန်း ဆောက်မယ့် ရည်မှန်းချက်တွေလည်း ရှိပါတယ်။ 

 

‌ေ

 

ပြည်သူပြည်သားတွေက အာမခံအကာအကွယ်နဲ့သွားမယ်ဆိုရင် ဒီ HIP အာမခံအမျိုးအစားသစ်ကို ကျွန်မ မျှော်လင့်ထားတာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် ခုနက ကျွန်မပြောခဲ့တဲ့ ဆုံးရှုံးမှုတွေဖြစ်ခဲ့ရင် မြန်မာ့အာမခံက ကျန်ရစ်သူ မိသားစုတွေအစား ပေးချေပေးမယ်ဆိုတော့ ကျွန်မက အများကြီးမျှော်လင့်တယ်ပေါ့။ ဘဏ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအများကြီးလိုပါတယ်။

နိုင်ငံတကာက HIP ဆိုတာ အသက်တစ်ခုတည်း ကာကွယ်ပေးတယ်။ အခု ကျွန်မတို့က အသက်ရော၊ ထာဝစဉ်မသန်မစွမ်းဖြစ်တာတွေရော၊ ပစ္စည်းအပေါ်ဆုံးရှုံးမှု တွေရော Package လိုက်ကြီး စုပေါင်းပြီး ပေးထားတာဖြစ်တဲ့အတွက် အင်မတန် ကောင်းတဲ့ အကာအကွယ်ဖြစ်တော့ ကျွန်မက ဒါကို မျှော်လင့်ပါတယ်။ ပြည်သူပြည်သားတွေကိုလည်း ဒါကို သုံးစွဲစေချင်ပါတယ်´´ဟု မြန်မာ့သတင်းစဉ်၏ မေးမြန်းမှုကို ရှင်းလင်းဖြေကြားသည်။

 

‌ေ

 

ယခုရောင်းချမည့် Housing Insurance Package အာမခံအမျိုးအစားသည် အာမခံထားရှိသူ၏ သေဆုံးမှု၊ ထာဝစဉ်မသန်မစွမ်းဖြစ်မှုနှင့် ချေးငွေရယူထားသည့် အဆောက်အဦပျက်စီးမှုတို့ကြောင့် အာမခံထားရှိသူ သို့မဟုတ် ကျန်ရစ်သူမိသားစု အပြင် ချေးငွေထုတ်ချေးသည့် အဖွဲ့အစည်းများအတွက်ပါ အကျိုးရှိစေမည့် အာမခံအမျိုးအစားတစ်ခုဖြစ်ကြောင်း သိရသည်။

အာမခံထားရှိသူသည် ဘဏ်ချေးငွေဖြင့် အဆောက်အဦဝယ်ယူပြီး အာမခံသက် တမ်းအတွင်း သေဆုံးခဲ့လျှင် သို့မဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် ပေးရန်ကျန်ရှိ သော အဆောက်အဦတန်ဖိုးကို မြန်မာ့အာမခံလုပ်ငန်းကပေးချေပေးမည် ဖြစ်သည့် အတွက် ကျန်ရစ်သူ မိသားစုအနေနှင့် ပေးရန်ကျန်ရှိသော ချေးငွေအတွက် စိတ်ပူစရာ မလိုဘဲ ချေးငွေဖြင့် ဝယ်ယူထားသော အဆောက်အဦကို ပိုင်ဆိုင်နိုင်မှာ ဖြစ်သည်။ အဆောက်အဦတန်ဖိုးပေးချေပြီးသည့်အချိန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

ချေးငွေဖြင့် ဝယ်ယူထားသည့် အဆောက်အဦသည် (မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းဒဏ်၊ ရေကြီးခြင်း၊ ထိခိုက်မှုကြောင့် ပျက်စီဆုံးရှုံးမှု၊ ရေလှောင်ကန်၊ ရေပိုက်များ ရေလျှံပျက်စီးခြင်း၊ မီးကူးစက်လောင်ကျွမ်းခြင်း၊ သစ်ပင်လဲကျပျက်စီးခြင်း၊ မီးခိုးကြောင့် ပျက်စီးခြင်း၊ ဖောက်ထွင်းခိုးယူခံရခြင်း၊ ကာရံထားသည့် မှန်များပြုတ်ကျပျက်စီးခြင်း စသည့် အကာအကွယ်(၁၄)မျိုးအား Housing Insurance Package အာမခံဝယ်ယူထားရုံဖြင့် ပရီမီယံကြေးထပ်မံပေးသွင်းရန်မလိုဘဲ အကာအကွယ်ရ ရှိမည်ဖြစ်သည်။

 

‌ေ

 

ပရီမီယံပေးသွင်းရာတွင်လည်း အာမခံထားသူ စိတ်ကြိုက် Budget Premium (ပရီမီယံကို လစဉ်အရစ်ကျပေးသွင်းသည့်ပုံစံ)နှင့် Non-Budget Premium (ပရီမီယံကို တစ်နှစ်လျှင် တစ်ကြိမ်တည်း ပေးသွင်းခြင်းပုံစံ)တို့ကို ရွေးချယ်၍ ဝယ်ယူနိုင်သည့် အာမခံအမျိုးအစားဖြစ်ကြောင်း သိရသည်။

ခင်မောင်ထွေး