မြန်မာ့အကြီးဆုံး Startup ပြိုင်ပွဲကြီး ရန်ကုန်မြို့တွင် ကျင်းပမည်  

ရန်ကုန် ၄ ဇွန်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော startup accelerator ဖြစ်သည့် Phandeeyar Accelerator သည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော စီးပွားရေး အကြံဉာဏ်ပြိုင်ပွဲ Startup Challenge 2019 ကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၇ ရက်အထိ ရန်ကုန်မြို့ရှိ ဖန်တီးရာ innovation lab ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ညနေက ဖန်တီးရာရုံး၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

“ကျွန်တော်တို့ ဖန်တီးရာကနေ မြန်မာနိုင်ငံမှာရှိတဲ့ အလားအလာအရှိဆုံး နည်းပညာ စွန့်ဦးတီထွင်လုပ်ငန်းများကို ကူညီထောက်ပံ့ပေးဖို့အတွက် အစဉ်တစ်စိုက် လုပ်ဆောင်နေပါတယ်။ ၂၀၁၅ ခုကနေ စတင်ခဲ့တဲ့ ဒီပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာ အကြီးမားဆုံး စွန့်ဦးတီထွင်လုပ်ငန်း အကြံဉာဏ် ပြိုင်ပွဲတစ်ခုဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး စွန့်ဦးတီထွင် လုပ်ငန်းတစ်ချို့ကိုလည်း အရင်နှစ် Startup Challenge တွေကနေ မွေးထုတ်ပေးခဲ့ပါတယ်။ ဒီနှစ်ဟာတော့ ပိုမိုကြီးမားတဲ့ Startup Challenge တစ်ခုဖြစ်လာမှာဖြစ်ပြီး ဒီပွဲကနေ နည်းပညာ စွန့်ဦးတီထွင်လုပ်ငန်းရှင် မျိုးဆက်သစ်တွေကို တွေ့ဆုံပြီး သူတို့တွေအတွက် အောင်မြင်တဲ့ စီးပွားရေးတစ်ခုကို တည်ထောင်နိုင်တဲ့အထိ ပံ့ပိုးပေးသွားဖို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံအတွင်း နည်းပညာလုပ်ငန်းများ တိုးတက်ပြန့်ပွားစေရန် ရန်ရည်ရွယ်ပြီး Startup Challenge အားကျင်းပရခြင်းဖြစ်ပါတယ်ဟု'' ဖန်တီးရာ၏ CEO ဖြစ်သူ Mr. Jes Kaliebe Petersen ကပြောသည်။ 

အဆိုပါ ပြိုင်ပွဲ၌ နည်းပညာစီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်သည့် ခေါင်းစဉ် လေးခုဖြစ်သော Tech for Cities (မြို့ပြအတွက် နည်းပညာ)၊ Tech for Women Safety (အမျိုးသမီးများ လုံခြုံရေးအတွက် နည်းပညာ)၊ Fintech  (ငွေကြေးဆိုင်ရာ နည်းပညာ) နဲ့  Tech for Farms (စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာ) ထဲမှမိမိနှစ်သက်ရာ ခေါင်းစဉ်အောက်မှ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

track အသီးသီးတွင် ဆုရရှိသည့် အသင်းများမှာ အမေရိကန်ဒေါ်လာ ၂၅၀ဝ စီ၊ first runner up ဆုရရှိသည့်အသင်းများမှာ အမေရိကန်ဒေါ်လာ ၁၅၀ဝ စီနှင့် အလားအလာအကောင်းဆုံး စီးပွားရေးလုပ်ငန်းဆုရရှိသူများမှာ အမေရိကန်ဒေါ်လာ ၁၀ဝ၀ စီ ရရှိမည်ဖြစ်သည်။ ထို့အပြင် အနိုင်ရရှိသည့် အသင်းများမှာ အမေရိကန်ဒေါ်လာ ၂၀ဝ၀ နှင့်ညီမျှသည့် AWS Credit နှင့် ဖန်တီးရာတွင် ၃ လတာ ရုံးခန်းနေရာ အခမဲ့ ရရှိမည်ဖြစ်ပြီး ဖန်တီးရာ၏ Pre-Accelerator Program အားဝင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့အကြီးဆုံး Startup ပြိုင်ပွဲကြီးကို လေးကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်ပြီး Startup Challenge 2019 အကြောင်းအသေးစိတ်သိရှိလိုပါက https://www. startupchallengemm.com/  တွင် သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ 

သတင်းနှင့်ဓာတ်ပုံ - အေကေလင်း