မြန်မာအမျိုးသမီးဘောလုံးအသင်း ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ မေ ၆ ရက် ရောက်ရှိမည်

မေ ၅ 

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ မေ ၆ ရက်တွင် ရောက်ရှိမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် တောင်ကိုရီးယားနိုင်ငံ၌ လေ့ကျင့်နေပြီး မေ ၅ ရက်အထိ လေ့ကျင့်မည်ဖြစ်ကာ မေ ၆ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာလာမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပထမပွဲကို မေ ၁၀ ရက်မှ ကစားရမည်ဖြစ်သောကြောင့် လေးရက်ကြိုတင်လာရောက်ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဧပြီ ၂၄ ရက်မှ မေ ၅ ရက်အထိ တောင်ကိုရီးယားနိုင်ငံ၌ လေ့ကျင့်လျက်ရှိပြီး ခြေစမ်းပွဲသုံးပွဲကစားခဲ့ရာ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ခြေစမ်းပွဲများတွင် နိုင်ပွဲမရသော်လည်း ကစားသမားများအားလုံး ကစားခွင့်ရရန်နှင့် ပြိုင်ပွဲအကြိုပြင်ဆင်မှုများကို ဦးစားပေးကစားခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲကို မေ ၉ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် ထိုင်း၊ စင်ကာပူ၊ လာအိုတို့နှင့် ကျရောက်နေသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ် -ဦးတင်မြင့် အောင်၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဦးဘိုဘိုအောင်၊ ဒေါ်သူဇာထွေး၊ ဂိုးနည်းပြ-ဦးယဉ်မင်းအောင်၊ ဂိုးသမား- မေဇင်နွယ်၊ ဇူးလတ်နဒီ၊ မျိုးမြမြငြိမ်း၊ နောက်တန်း- ခင်သန်း ဝေ၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ အေးအေးမိုး၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ အလယ်တန်း- ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ ခင်မိုးဝေ၊ နော်ထက်ထက်ဝေ၊ ခိုင်သဇင်၊ လင်းမြင့် မိုရ်၊ ပုံ့ပုံ့ပြည့်မောင်၊ ရှေ့တန်း-စန်းသော်သော်၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်းတို့ ပါဝင်သည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF