ရန်ကုန်     ဇူလိုင်     ၁

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃) နောက်ဆုံးနေ့ကို ဇူလိုင် ၁ ရက်က သုဝဏ္ဏကွင်း၌ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက မြဝတီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ရာသီအစ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားသည့်နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းသည် လက်ရွေးစင်တိုက်စစ်ကစားသမား ရူပါခိုင်၏ သွင်းဂိုး နှစ်ဂိုးဖြင့် ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ရှမ်းယူနိုက်တက်အသင်းက ဒုတိယပိုင်းတွင် အနိုင်ဂိုးများ သွင်းယူခဲ့ခြင်းဖြစ်သည်။  မြဝတီအသင်းမှာမူ  ရာသီအစရလဒ်များ ဆက်တိုက်ဆိုးရွားနေပြီး   သုံးပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့သည်။  

ရှမ်းယူနိုက်တက်အသင်းသည် အာဖရိကကစားသမားသုံးဦး ခေါ်ယူထားသော်လည်း ယခုပွဲတွင် ပါဝင်နိုင်ခြင်းမရှိသေးသဖြင့် ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်ခဲ့ပြီး  အနိုင်ဂိုးများကို ရူပါခိုင်က ၅၅၊ ၆၂ မိနစ်တွင် သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay player of the Match)ကို  ရူပါခိုင်(ရှမ်းယူနိုက်တက်)က ရရှိပြီး အမှတ်တရဆုနှင့်  ဆုကြေးငွေကျပ်  ငါးသိန်းရရှိသည်။

ပွဲစဉ် ၃ အပြီးတွင် အား/ကာသိပ္ပံနှင့် ရန်ကုန်ယူနိုက်တက်အသင်း ကိုးမှတ်စီ တူညီနေသော်လည်း အား/ကာသိပ္ပံအသင်းက ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေသည်။ ယင်းနှစ်သင်း နောက်တွင် ရတနာပုံအသင်း၊ Young Lionesses အသင်းနှင့် ဧရာဝတီအသင်းတို့က ခြောက်မှတ်စီ၊ ရှမ်းယူနိုက်တက်အသင်းက လေးမှတ်၊ ဇွဲကပင်ယူနိုက်တက်အသင်းက သုံးမှတ်၊ သစ္စာအားမာန်အသင်းက တစ်မှတ်၊ မြဝတီနှင့် ရန်ကုန်စီးတီးအသင်းတို့က သုံးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MWL