ရန်ကုန် ဇူလိုင် ၁၉
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy က အဓိကပံ့ပိုးကူညီသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၆)ကို ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ပိုင်းမှ ဧရာဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။
ယခုတစ်ပတ်တွင် ပွဲကောင်းများ ပါဝင်နေသလို ရှမ်းယူနိုက်တက်အသင်းကလည်း ပထမဆုံးအိမ်ကွင်းပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပထမဆုံးလက်ခံကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် ယခုရာသီတွင် အိမ်ကွင်းလက်ခံကျင်းပနိုင်သည့် အသင်းတစ်သင်း ထပ်တိုးလာပြီး မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ၁၀ သင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ ဧရာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့က အိမ်ကွင်းလက်ခံကျင်းပလျက်ရှိသည်။ ဇူလိုင် ၂၀ ရက်တွင် YUSCကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း၊ ပဒုမ္မာကွင်း၌ ရန်ကုန်စီးတီး အသင်းနှင့် မြဝတီအသင်း၊ ဇူလိုင် ၂၁ ရက်တွင် အား/ကာသိပ္ပံအသင်းနှင့် ရတနာပုံအသင်း၊ ဇူလိုင် ၂၂ ရက်တွင် YUSC ကွင်း၌ သစ္စာအားမာန်အသင်းနှင့် Young Lionesses အသင်း၊ တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပွဲစဉ် (၅)အပြီးတွင် အား/ကာသိပ္ပံ(ISPE)အသင်းက ရမှတ် ၁၅ မှတ်ဖြင့် ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နေပြီး ဧရာဝတီနှင့် ရန်ကုန်ယူနိုက်တက်အသင်းက ၁၂ မှတ်စီ၊ ရှမ်းယူနိုက်တက်အသင်း က ၁၀ မှတ်၊ ရတနာပုံအသင်းက ကိုးမှတ်၊ Young Lionesses အသင်းက ခြောက်မှတ်၊ သစ္စာအားမာန်အသင်းက လေးမှတ်၊ မြဝတီနှင့် ဇွဲကပင်ယူနိုက်တက်အသင်းက သုံးမှတ်စီရရှိထားကာ ရန်ကုန်စီးတီးအသင်းမှာမူ ငါးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။
သတင်း-ကိုညီလေး
ဓာတ်ပုံ-YUFC


