ရန်ကုန် ဇူလိုင် ၇
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄) ဒုတိယနေ့ကို ဇူလိုင် ၇ ရက်က ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပရာ မြဝတီအသင်းက ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဝင်းသီင်္ဂီထွန်း ဦးဆောင်ပြီး ဖိလစ်ပိုင်ကစားသမားသုံးဦးကို အမာခံထားကာ ပြည်တွင်းလူငယ်ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် ရတနာပုံအသင်းသည် ယခုပွဲတွင် မထင်မှတ်ဘဲ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။ ချန်ပီယံဆု သုံးကြိမ်ရဖူးပြီး အမျိုးသမီးလိဂ် အစပိုင်းကာလတွင် အောင်မြင်မှုများဆက်တိုက်ရယူကာ ကြီးစိုးထားသည့် မြဝတီအသင်းသည် ယခုရာသီအစတွင် သုံးပွဲဆက်တိုက် အရေးနိမ့်ထားသော်လည်း ယခုပွဲတွင် ရတနာပုံအသင်းကို နောက်ကျဂိုးဖြင့် အနိုင်ယူကာ ပထမဆုံးနိုင်ပွဲ ရရှိခဲ့သည်။ ရတနာပုံအသင်းသည် အချိန်အများစု ဖိကစားနိုင်သော်လည်း အဆုံးသတ်ပိုင်းတွင် လိုအပ်ချက်များရှိခဲ့သဖြင့် ဂိုးမရဘဲ ၇၈ မိနစ်တွင် မြနှင်းဝေက မြဝတီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူခဲ့သည်။
ယခုပွဲအတွက် အကောင်းဆုံး ကစားသမားဆု (AYA Pay player of the Match) ကို မြဝတီအသင်းမှ မြနှင်းဝေကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
ပွဲစဉ်(၄) နောက်ဆုံးနေ့ကို ဇူလိုင် ၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရန်ကုန်စီးတီးအသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MWL


