ရန်ကုန် ဇွန် ၁၆
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁) ဒုတိယနေ့ကို ဇွန် ၁၆ ရက်က ဆက်လက်ကျင်းပရာ ရန်ကုန် ယူနိုက်တက်နှင့် Young Lionesses အသင်းတို့ အနိုင်ရခဲ့သည်။
YUSC ကွင်း၌ကျင်းပသည့် ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်းက ရတနာပုံအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပထမပိုင်းတွင် ဂိုးမသွင်းနိုင်သော်လည်း ဒုတိယပိုင်းသွင်းဂိုးများဖြင့် ရန်ကုန်ယူနိုက်တက်အသင်းက အနိုင်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းအတွက် ဂိုးများကို ၅၇၊ ၈၅ မိနစ်တွင် ဇင်မိုးပြည့်၊ ၈၇ မိနစ်တွင် ရွှန်းလဲ့နိုင်တို့က သွင်းယူပြီး ရတနာပုံအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၈၆ မိနစ်တွင် နန်းကွမ်ခေးက သွင်းယူသည်။ ယခုပွဲအတွက် အကောင်းဆုံး ကစားသမားဆု (AYA Pay Player of the Match) ကို ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ဇင်မိုးပြည့်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် Young Lionesses အသင်းက မြဝတီအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ ယူ-၁၇ အမျိုးသမီး လူငယ်လက်ရွေးစင်အသင်းဖြစ်သော Young Lionesses အသင်းသည် အဖွင့်ပွဲတွင် အမှတ်ပြည့်ရယူနိုင်ခဲ့ပြီး မြဝတီအသင်းသည် ပြင်ဆင်မှုများပြုလုပ်ထားသော်လည်း အဖွင့်ပွဲတွင် အရှုံးနှင့် ရင်ဆိုင် ခဲ့ရသည်။ Young Lionesses အသင်းအတွက် ဂိုးများကို ၂၁ မိနစ်တွင် ရှင်းသန့်ဖြူစင်ပြုံး၊ ၈၂ မိနစ်တွင် စံပယ်ဝင်းတို့က သွင်းယူပြီး မြဝတီ အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၈၆ မိနစ်တွင် သင်္ကြန်ဌေးက သွင်းယူ သည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay Player of the Match) ကို Young Lionesses အသင်းတိုက်စစ်မှူး ရှင်းသန့်ဖြူစင်ပြုံး ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးကျပ်ငါးသိန်းရရှိသည်။
ပွဲစဉ် (၁) နောက်ဆုံးနေ့ကို ဇွန် ၁၇ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ သစ္စာအားမာန်အသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MWL


