ရန်ကုန် ဇူလိုင် ၁၄
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၅) ဒုတိယနေ့ကို ဇူလိုင် ၁၄ ရက်က ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ဧရာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ နိုင်ပွဲဆက်ခဲ့သည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက မြဝတီအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ ဧရာဝတီအသင်းသည် လူငယ်ကစားသမား ဇီတာရှင် သွင်းယူသည့်နှစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြဝတီအသင်းသည် ရမှတ် ထပ်မံရယူနိုင်ရန် ကြိုးပမ်းသော်လည်း ဒုတိယပိုင်းတွင် တစ်ဂိုးသာပြန်သွင်းနိုင်သဖြင့် ရှုံးပွဲ ပြန်တွေ့ခဲ့ခြင်းဖြစ်သည်။ မေထက်နှင့် စန်းသော်သော်တို့ မပါဝင်နိုင်သည့် ဧရာဝတီအသင်းသည် တိုက်စစ်တွင် ဘင်္ဂလားဒေ့ရှ်လက်ရွေးစင် ရီတူနှင့် ပြည်တွင်း လူငယ်ကစားသမားနှစ်ဦးကို အသုံးပြုခဲ့ရသည်။ ဧရာဝတီအသင်းအတွက် ဂိုးများကို ဇီတာရှင် က ၂၃၊ ၄၅+၂ မိနစ်တို့တွင် သွင်းယူပြီး မြဝတီ အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၅၅ မိနစ်တွင် ပုံ့ပုံ့ပြည့်မောင်က သွင်းယူသည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆုကို ဧရာဝတီ အသင်းအတွက် နှစ်ဂိုးသွင်းယူခဲ့သည့် ဇီတာရှင်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်း ရရှိခဲ့သည်။
ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို ငါးဂိုးပြတ် အနိုင်ရရှိသည်။ ရှမ်းယူနိုက်တက် အသင်းသည် တတိယမြောက် နိုင်ပွဲရရှိခဲ့ပြီး ရန်ကုန်စီးတီးအသင်းမှာမူ ရာသီအစ ငါးပွဲဆက်တိုက် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမပိုင်းပြီးခါနီးမှ ဂိုးစတင်ရရှိသော်လည်း ဒုတိယပိုင်းတွင် ဂိုးများ ဆက်တိုက်ရရှိသဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင် ဂိုးများကို ၄၃ မိနစ်တွင် ဆောင်းနှင်းဖွေး၊ ၄၈၊ ၅၆၊ ၇၆ မိနစ်တို့တွင် စန္ဒာအောင်က ဟက်ထရစ်၊ ၅၁ မိနစ်တွင် နန်းဖြူဖြူသွယ်က တစ်ဂိုးသွင်းယူသည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆုကို ရှမ်းယူနိုက်တက်အသင်းမှ နန်းဖြူဖြူသွယ်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိခဲ့သည်။
ပွဲစဉ် (၅) နောက်ဆုံးနေ့ကို ဇူလိုင် ၁၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MWL


