မြန်မာအမျိုးသမီးများအား နိုင်ငံခြားသို့ ပို့ဆောင်ရောင်စားသူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော်  ၂၅  ဇွန်

 

မြန်မာအမျိုးသမီးများအား နိုင်ငံခြားတိုင်းပြည်များသို့ ပို့ဆောင်ရန် ကြံစည်ခြင်း၊ ရောင်းစားခြင်း ပြုလုပ်သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး ဟင်္သတမြို့နယ်၊ ငမဲအိုင်ကျေးရွာနေ ဌေးဝင်းနှင့် အကိုဖြစ်သူ လှဝင်းသန်း (တိမ်းရှောင်)တို့သည် ကွက်သစ်ကလေးကျေးရွာနေ မ xxx၊ ၃၁ နှစ်၊ မ xxx၊ ၃၃ နှစ်နှင့် ကို xxx၊ ၂၈ နှစ်၊ ငမဲအိုင်ကျေးရွာနေ ကို xxx၊ ၄၇ နှစ်နှင့် ကို xxx၊ ၃၃ နှစ်တို့အား ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ရမည်ဟု လိမ်လည်စည်းရုံး၍ တရားမဝင်ပို့ဆောင်ပေးခဲ့ပြီး လုပ်အားခများအား ခေါင်းပုံဖြတ်ရယူခဲ့မှုအတွက် တလုတ္ထော် နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ပြီး ဟင်္သတခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၂၃ ရက်တွင် တရားခံ ဌေးဝင်းအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ပုဒ်မ ၂၅ အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်အား တစ်ပေါင်းတည်းချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံအား တရားခံပြေး ကြေညာခဲ့သည်။

 

အလားတူ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာနေ မသျှား(ခ) လဝိန်ခေါန်ညွှယ် သည် အောင်မြေ(၁) ကျေးရွာနေ မ xxx၊ ၂၁ နှစ်အား တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ဈေးဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးပြီး စွန်းဖုန်းမြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားခဲ့မှုအတွက် ဝိုင်းမော်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ပြီး မြစ်ကြီးနားခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၂၃ ရက်တွင် တရားခံမသျှား(ခ) လဝိန်ခေါန်ညွှယ်အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

 

ထို့အတူ ရှမ်းပြည်နယ် သီပေါမြို့နေ မဇေနန်း၊ ၂၄ နှစ်၊ (ဘ) ဦးခေါင်ဇယ်၊ ဒေါ်နီနီလွင်၊ ၅၀ နှစ်၊ (ဘ) ဦးထန်ဟုန်းနှင့် ဒေါ်အေးစန်း၊ ၄၀ နှစ်၊ (ဘ) ဦးကြံခင်တို့က တစ်မြို့တည်းနေ မ xxx၊ ၂၄ နှစ်နှင့် မ xxx၊ ၂၁ နှစ်တို့အား တရုတ်ပြည်တွင် အငှားကိုယ်ဝန်ဆောင်ပါက တစ်လ (၁၀)သိန်းကျပ်နှုန်းဖြင့် (၁၀)လအတွက် ကျပ်သိန်း(၁၀၀) ရမည်ဟု ပြောဆိုစည်းရုံး၍ သီပေါမြို့မှ မူဆယ်မြို့သို့ ခေါ်ဆောင်လာခဲ့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့မှုအား မူဆယ်မြို့မရဲစခန်းတွင်  အမှုဖွင့်လှစ်ခဲ့ပြီး မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ တရားခံ ဒေါ်ဇေနန်း၊ ဒေါ်နီနီလွင်နှင့် မအေးစန်းတို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်စီ ချမှတ်ခဲ့သည်။

 

အလားတူ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နေ ဒေါ်ရန်ဟွေရှူး (ခ)ရန်ဝေ၊ ဒေါ်လောက်ရှင် (ခ)အားချွမ်းနှင့် သိန်းနီမြို့နေ ဒေါ်ရန်ချိုင်(ခ) ရန်ဆိုက်တို့သည် ကွတ်ခိုင်မြို့နယ်၊ ဟိုနား ကျေးရွာနေ မxxx၊ ၁၈ နှစ်အား တရုတ်နိုင်ငံရှိ ထမင်းဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးခေါ်ဆောင်၍ တရုတ်နိုင်ငံ၊ အန်းဟွေးပြည်နယ်၊ အန်းဟွေးရှန်မြို့၊ ဟွမ်ချောက်တာတွေ့ရွာနေ တရုတ်အမျိုးသား ဝမ်ထင့်ထင့်ဆိုသူထံ ရောင်းစားခဲ့မှုအတွက် ကွတ်ခိုင်မြို့မရဲစခန်း တွင်  အမှုဖွင့်လှစ်ခဲ့ပြီး မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၂၄ ရက်တွင် တရားခံ ဒေါ်ရန်ဟွေရှူး (ခ)ရန်ဝေနှင့် ဒေါ်ရန်ချိုင် (ခ)ရန်ဆိုက်တို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီနှင့် ဒေါ်လောက်ရှင် (ခ)အားချွမ်းအား အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)