မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံတွင် ဒိုင်ခံရောင်းစားနေသည့် တရုတ်ပွဲစားများကို ဖမ်းဆီးရမိ

နေပြည်တော် ၁၂  ဧပြီ

 

မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသားများ၏ ဇနီးမယားအဖြစ် ဒိုင်ခံရောင်းစားနေသည့် တရုတ်ပွဲစားများအား ဧပြီ ၁၁ ရက် ည ၇ နာရီ ၃၅ မိနစ်က မန္တလေးတိုင်းဒေသကြီး အမှတ် (၈) မြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

မန္တလေးမြို့၊ ၃၁ လမ်း၊ ၇၅×၇၆ လမ်းကြားရှိ ဟိုတယ်တစ်ခု၌ တည်းခိုနေသူများသည် မြန်မာအမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ရန် စည်းရုံးခေါ်ဆောင် နေကြောင်း သတင်းအရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က နယ်မြေခံရဲတပ်ဖွဲ့ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ အတည်ပြုခဲ့ရာ နေပြည်တော်၊ တပ်ကုန်း နေ မ.....၊ ရှမ်းပြည်နယ်၊ တာမိုးညဲမြို့နေ မ..............၊ မအေးသီတာမိုး (တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံထားရသူ)၊ တရုတ်လူမျိုး နိလိပေါ်နှင့် မရန်ရှောက် ကော်တို့အား တွေ့ရှိခဲ့ကြောင်း။

 

၎င်းတို့အား စစ်ဆေးခဲ့ရာတွင် မအေးသီတာမိုးသည် လွန်ခဲ့သော (၁)နှစ်ခန့်က တရုတ်လူမျိုး နိလိပေါ်ထံ ရောင်းစားခံထားရပြီး ခင်ပွန်းဖြစ်သူနှင့် ယောက္ခမဖြစ်သူ တို့မှ အမျိုးသမီးများ ရှာဖွေပေးရန် ခိုင်းစေသဖြင့် မန္တလေးသို့ ရောက်ရှိလာပြီး နေပြည်တော်၊ တပ်ကုန်းနေ မ......၊ ရှမ်းပြည်နယ်၊ တာမိုးညဲမြို့နေ မ........တို့ကို စည်းရုံးခေါ်ဆောင် ထားခြင်းဖြစ်ကြောင်း၊ တရုတ်လူမျိုး နိလိပေါ်နှင့် မရန်ရှောက်ကော်တို့သည် မြန်မာပွဲစား များက တရုတ်နိုင်ငံသို့ ခေါ်ဆောင်လာသော မြန်မာမိန်းကလေးများကို ဒိုင်ခံလက်ခံ၍ တရုတ်အမျိုးသားများထံ ရောင်းစားနေကြသူများဖြစ်ကြောင်း၊ နေပြည်တော်၊ တပ်ကုန်း နေ မ......... သည် ငွေကြေးအခက်အခဲကြောင့် တရုတ်ယောင်္ကျားယူရန် စည်းရုံးခံထား ရသူဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၊ တာမိုးညဲမြို့နေ မ...........သည် တရုတ်အမျိုးသား လိုရင်းဖူး ဆိုသူထံ ရောင်းစားခံထားရသူဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မအေးသီတာမိုး၊ နိလိပေါ်နှင့် မရန်ရှောက်ကော်တို့ကို ဧပြီ ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၈) မြို့မရဲစခန်းမှ  အမှုဖွင့်ထားကြောင်း သိရသည်။

 

(သတင်းစဉ်)