မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဇူလိုင် ၂၇
    
မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မ---၊ ၂၉ နှစ်ကို ရည်းစားဖြစ်သူ ထန်းတပင်မြို့နယ်နေ စိုးထွန်းအောင်မှ မန္တလေးမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်မည်၊ လက်ထပ် ပေါင်းသင်းနေထိုင်မည်ဟု ပြောဆိုစည်းရုံး၍ စိုးထွန်းအောင်နှင့် ၎င်း၏သူငယ်ချင်းဖြစ်သူ အောင်အောင် တို့မှ မူဆယ်မြို့မှ တစ်ဆင့် ရွှေလီမြို့သို့ ခေါ်ဆောင်သွားပြီး တရုတ်အမျိုးသားထံ ယွမ်(၃၀,၀၀၀)ဖြင့် ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များရယူခဲ့သဖြင့် လှိုင်သာယာမြို့မ ရဲစခန်း(ပ)၃၈၃၅/၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင် ၂၂ ရက်တွင် တရားခံ စိုးထွန်းအောင် အား လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချ မှတ်ခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်နေ မ---၊ ၁၉ နှစ်ကို တစ်မြို့တည်းနေ ဒေါ်စိန်ဌေး၊ မစပ်စုမ(ခ)သဲနု(ခ)မီမီဝင်းဌေး၊ ရှမ်းလေး(ခ)ရဲထွဋ်၊ ကျော်ထွန်းဦး(ခ)ဦးထွေးနှင့် ဆောင်းနှင်းဝေ တို့ ၅ ဦးမှ အငှားကိုယ်ဝန်ဆောင်သည့် အလုပ်လုပ်ပါက တစ်နှစ်လျှင် ကျပ်သိန်း(၅၀) ရမည်ဟု ပြောဆိုစည်းရုံးပြီး မူဆယ်မြို့မှ တဆင့် တရုတ်နိုင်ငံ ကွမ်တုံမြို့ရှိ တရုတ်အမျိုးသားထံ ယွမ်(၁၅၀,၀၀၀)ဖြင့် ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် သီပေါမြို့မ ရဲစခန်း(ပ)၉၈/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က) ဖြင့် အမှုရေးဖွင့်၍ ကျောက်မဲခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင် ၂၂ ရက်တွင် တရားခံ ဒေါ်စိန်ဌေး၊ မစပ်စုမ(ခ) သဲနု(ခ)မီမီဝင်းဌေးနှင့် ရှမ်းလေး(ခ)ရဲထွဋ်တို့ ၃ ဦးအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ  ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)