မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုပြီး ပဲခူးမြို့၌ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပ

ပဲခူး ဇွန် ၂၃

 

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် စာအုပ်ဈေးရောင်းပွဲတော်ကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန် ၂၃ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး စာအုပ်ဆိုင်များမှ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့သို့ သုတရသ စာအုပ်မျိုးစုံ ၁၅၀ ကို ပေးအပ်လှူဒါန်းသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့် ကျောင်းသား ကျောင်းသူများ၊ စာပေဝါသနာရှင်များက စာအုပ်ဈေးရောင်းပွဲတော်အတွင်း ခင်းကျင်းရောင်းချလျက်ရှိသည့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်ကို ဇွန် ၂၃ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ စာပေတိုက် ငါးတိုက်မှ ဆိုင်ခန်း ၁၃ ခန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အလားတူ တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုတွတ်(ပြန်/ဆက်)