မြန်မာအသင်းများကို ဆီးကြိုနေသည့် နိုင်ငံတကာပြိုင်ပွဲများ

ရန်ကုန် ၂၅ မေ

မြန်မာ့လက်ရွေးစင်အသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများသည် ပထမနှစ်တစ်ဝက်တွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့သလို ဒုတိယနှစ်တစ်ဝက်တွင်လည်း နိုင်ငံတကာပြိုင်ပွဲများက ဆီးကြိုလျက်ရှိသည်။ 

လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီးအသင်းအပါအဝင် အမျိုးသားအသင်းဖြစ်သည့် ယူ-၂၂ အသင်း၊ ယူ-၁၈ အသင်း၊ ယူ-၁၅ အသင်း၊ အမျိုးသမီးအသင်းဖြစ်သည့် ယူ-၁၉ အသင်းတို့မှာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် စက်တင်ဘာတွင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇွန် ၁၁ ရက်တွင် စင်ကာပူနိုင်ငံ၌ စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှာမူ သြဂုတ်တွင် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲ၊ နိုဝင်ဘာတွင် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲများမတိုင်မီ ဖိတ်ခေါ်ပြိုင်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

မြန်မာ ယူ-၂၂ အသင်းမှာမူ ယခုနှစ်၏ အဓိကနိုင်ငံတကာပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စတင်ပြင်ဆင်နေပြီဖြစ်ပြီး နိုဝင်ဘာနောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်သောကြောင့် ပြင်ဆင်ချိန်များစွာရရှိမည် ဖြစ်သည်။ 

မြန်မာ ယူ-၁၈ အမျိုးသားအသင်းသည် သြဂုတ်တွင် အာဆီယံ ယူ-၁၈ ပြိုင်ပွဲ၊ နိုဝင်ဘာတွင် အာရှ ယူ-၁၉ ခြေစစ်ပွဲ၊ ယူ-၁၅ အမျိုးသားအသင်းသည် ဇူလိုင်တွင် အာဆီယံ ယူ-၁၅ ပြိုင်ပွဲ၊ စက်တင်ဘာတွင် အာရှ ယူ-၁၆ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာရှခြေစစ်ပွဲအောင်မြင်ထားသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အောက်တိုဘာနောက်ဆုံးပတ်တွင် စတင်မည့် ၂၀၁၉ အာရှ ယူ-၁၉ ပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းအသင်းများအားလုံးကို ပြိုင်ပွဲများမယှဉ်ပြိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေးခရီးစဉ်များ ယှဉ်ပြိုင်ကစားစေမည်ဖြစ်ပြီး အရှေ့တောင်အာရှအသင်းများ၊ အာရှအသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။

ညီမြတ်သော်တာ