ရန်ကုန် ဇူလိုင် ၁၇

၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဗီယက်နမ်လက်ရွေးစင်အသင်းတို့သည် ဇူလိုင် ၁၈ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ယင်းနှစ်သင်းစလုံးသည် ဇူလိုင် ၂၄ ရက်တွင် စတင် ကျင်းပမည့် ၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲမတိုင်မီ နောက်ဆုံးကစားသည့် ခြေစမ်းပွဲလည်းဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီးဇူလိုင် ၁၆ ရက်မှစ၍ ဗီယက်နမ်နိုင်ငံ၌ လေ့ကျင့်လျက်ရှိသည်။ ယခုခြေစမ်းပွဲမှာ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် အန်ဒါဆင်အတွက် ပထမဆုံးပွဲလည်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းတွင် ဂိုးသမား-ဇင်ညီညီအောင်၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ နေလင်းထက် (ဟံသာဝတီယူနိုက်တက်)၊ နောက်တန်း-နန္ဒကျော်၊ ဖြိုးပြည့်စုံ(ရှမ်းယူနိုက်တက်)၊ ဟိန်းဖြိုးဝင်း၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ ဇွဲခန့်မင်း(ရန်ကုန်စီးတီး)၊ မြတ်ဘုန်းခန့်(သစ္စာအားမာန်)၊ စိုးမိုးကျော် (ကလပ်အသင်းမရှိသေး)၊ အလယ်တန်း-ဝေလင်းအောင် (နီဂျီရီဆမ်ဘီလန်-မလေးရှား)၊  ရှိုင်းဝဏ္ဏအောင်၊ မင်းမော်ဦး (သစ္စာအားမာန်)၊ အောင်မျိုးခန့်၊ ဇော်ဝင်း သိန်း၊ မောင်မောင်လွင် (ရန်ကုန်ယူနိုက်တက်)၊ လွင်မိုးအောင်(ကလပ်အသင်းမရှိသေး)၊ ကျော်မင်းဦး(ကလပ်အသင်းမရှိသေး)၊ မြတ်ကောင်းခန့်၊ ခွန်ကျော်ဇင်ဟိန်း (ရန်ကုန်စီးတီး)၊ ကောင်းမြတ်ငြိမ်း(အား/ကာသိပ္ပံ)၊ ဟိန်းထက်အောင်(မီလာကာ-မလေးရှား)၊ ရဲရင့်အောင်(ရှမ်းယူနိုက်တက်)၊ ရှေ့တန်း - ဝင်းနိုင်ထွန်း(ရန်ကုန်စီးတီး)၊ သန်းပိုင်(ကလပ်အသင်းမရှိသေး)၊ စောမျိုး ဇော်(သစ္စာအားမာန်)တို့ ပါဝင်ကြသည်။

အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(B)၌ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုတို့နှင့်ကျရောက်နေသည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - MFF